""  ကြောက်စရာ မဟုတ်ပါ ဘူးကွာ ""
          ---------------------------------

       "" ရှေ့ဆိုရင် တစ္ဆေကုန်း ရောက်တော့မယ်...

 ငါတော့ ကြောက်လာပြီကွာ...""

        ""ဟုတ်တယ်... ကျမလည်း...ကြောက်တာပဲ

 တော့... တကယ်လို့သာ တစ္ဆေကုန်းက တစ္ဆေလိုက်ရင်

 ကျမက သိပ်ပြေးနိုင်တာမဟုတ်ဘူး ခက်လှချည်ရဲ့...""

          မောင်ရစ် စကားကို မယားဖြစ်သူ ခင်စိန်က သူမ၏

 ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ပုတ်ကာ ပုတ်ကာ ပြောရင်း

 ထောက်ခံသည်။ အောင်ဒင် ကလည်း ကြားဝင်၍

      "" ငါတို့ နောက်ပြန်လှည့်ရင် ကောင်းမလား...

 မနက်မှ ရွာပြန်ကြမယ်လေ...""

      ဟု ဆန္ဒမဲ တောင်းလိုက်သည်။

        "" ဟာ...ဒီ ..ဒကာ..ဒကာမတွေ... အဲ

 မဟုတ်ပါဘူး... မင်းတို့ကောင်တွေကွာ... ဟိုက

 ဘာမှတောင် မလုပ်ရသေးဘူး...

 ကြောက်ပြနေလိုက်တာ နာမည်တွေနဲ့မှ မလိုက်...

 ခက်တယ်..ခက်တယ်...""

        အကြောက်ပိုနေသော သူငယ်ချင်းများကို

 ပဉ္ဇင်းထွက်စ သူရက မြည်တွန်တောက်တီးလိုက်သည်။

        "" တပည့်တော်မတို့ နာမည်..အဲ..မှားကုန်ပါပြီ...

 ငါတို့ နာမည်က ဘာတွေ ဖြစ်နေလို့လဲ သူရစုတ် ရဲ့

 ပြောပါဦး...""

         နာမည်ကိုပါ ထိခိုက်ပြောလာသဖြင့် မိန်းမသားပီပီ

 ခင်စိန်က နှုတ်သွက်၊လျှာသွက် ပြန်ရန်တွေ့သည်။

      "" စဉ်းစားကြည့်လေ... တစ်ယောက်က မောင်ရစ်၊

 စစ်သူကြီး မဟာဗန္ဓုလရဲ့ ငယ်နာမည်၊တစ်ယောက်က

 ဗိုလ်အောင်ဒင် နာမည်နဲ့၊ နင်ကကော ကျားခင်စိန် နာမည်

 ယူထားပြီး သတ္တိတွေကတော့ နတ္ထိပဲ..ဟား...ဟား..""

        ပြောရင်း သူရက  အားလုံး မခံချိ မခံသာ ဖြစ်အောင်

 လှောင်ရယ်မောလိုက်သည်။

       "" ကြည့်စမ်း...ကြည့်စမ်း... သူ့ကို တကူးတက

 သွားကြိုခဲ့ရတဲ့ မျက်နှာတွေ မထောက် ပြောရက်

 လိုက်တာ...""  
   
       "" ဟုတ်ပ... ပဉ္ဇင်းဝတ်ပြီးမှ သတ္တိတွေကောင်း

 လာတယ်ဆိုပြီး ဒါသက်သက်ဘဝင်မြင့်နေတာ...

 ဒီလိုမှန်းသိရင် သွားမကြိုဘူး""

       ပြောမနာ ဆိုမနာ ငယ်ပေါင်း သူငယ်ချင်းများ ဖြစ်၍

 ဝိုင်းဝန်းထောပနာပြုကြသည်။

    ဟုတ်တော့လည်း ဟုတ်ပါသည်။

    မောင်ရစ်၊ အောင်ဒင်၊ ခင်စိန်တို့မှာ  ပဉ္ဇင်းဝတ်

 နေရာမှ လူထွက်လာသော သူငယ်ချင်းသူရကို  မြို့၌

 သွားကြိုခေါ်ရင်း လမ်းခရီးတွင် ကားပျက်ကာ

 ခရီးကြန့်ကြာနေခြင်း ဖြစ်သည်။ ကားလမ်းမနှင့်

 အလွန်ဝေးကွာသော ရွာသို့ လမ်းလျှောက်ပြန်ရသော

 ခရီးတွင် မိုးစုန်းစုန်း ချုပ်သွားခြင်း ဖြစ်သည်။

          ယခုတွင် သရဲအင်မတန် ခြောက်သည်ဟု

 နာမည်ကြီးသော တစ္ဆေကုန်းကို ဖြတ်ရတော့မည် ဖြစ်၍

 ကျန်သုံးယောက်မှာ ကြောက်ရွံ့နေကြခြင်းဖြစ်သည်။

         သူရကတော့ ဦပဉ္ဇင်းဘဝတွင် ဘုရား တရားကို

 အတော် လေ့လာလိုက်စားခဲ့ပုံရသည်။ တစ္ဆေကုန်းကို

 ကြောက်ရွံ့ဟန် မရှိချေ။  

         တစ္ဆေကုန်းဆိုသည် မှာ ယခင် ကွန်မြူနစ်ခေတ်က

 အဖွဲ့အစည်းအတွင်း သစ္စာဖောက်များဟု စွပ်စွဲချက်ဖြင့်

 လူပေါင်း လေးငါးဆယ်ခန့်ကို အချင်းချင်း

 ရက်ရက်စက်စက် လည်ပင်းဖြတ် သတ်ခဲ့သည့်

 ကုန်းဖြစ်သည်။

         ထို့နောက်ပိုင်း ဤကုန်းမှ ကြောက်မက်ဖွယ်

 အော်ဟစ်သံကြီးများ၊  ငိုကြွေး

 အကူအညီတောင်းသံကြီးများ ကြားကြရပြီး

 ခေါင်းပြတ်ကြီးများ မကြာခဏ ထွက်လိုက်သည်ဟု

 နာမည်ကြီးသည်။ ထို့ကြောင့် တစ္ဆေကုန်းဟု

 နာမည်တွင်လာသည်။

       တစ္ဆေကုန်းကြောင့် ကြောင်တောင်ဖြစ်သွားရသည့်

 ကျွဲကျောင်းသား နွားကျောင်းသားတွေ ဒုနှင့်ဒေး။

 ကွန်မြူနစ်တို့ ပစ္စည်းဥစ္စာများ မြုပ်ခဲ့ပြီး

 အသတ်ခံရသူများကို အစောင့်ထားခဲ့သည် ဟူသော

 သတင်းကြောင့် သိုက်လာတူးသော ဆရာများ

 ရူးသွားရသည်ဆိုသော သတင်းမှာ မကြားချင် အဆုံး။

 တရား ဘာဝနာ စီးဖြန်းရန် ကြွလာသော ဦးပဉ္ဇင်းအချို့

 ပြန်ပြေးရသည်မှာလည်း မကြာခဏ ဟူသတတ်။

 ထိုကဲ့သို့ နာမည်ကြီးသည့် တစ္ဆေကုန်းဖြစ်သဖြင့်

 မောင်ရစ်၊အောင်ဒင်နှင့် ခင်စိန်တို့ကြောက်သည်မှာလည်း

 အပြစ်မဆိုသာ။

       "" ဒီလို ခေတ်ကြီးထဲ မှာ တစ္ဆေသရဲကို

 ကြောက်ရွံ့နေတာ အတော် အံသြဖို့ ကောင်းတယ်...""

    သူရက မကျေနပ်နိုင်သေးပဲ စကားထပ်ဆက်နေသည်။

      "" ဒါဆို...ဦးပဉ္ဇင်းထွက်က မကြောက်ဘူးပေါ့.""

     မောင်ရစ်ကလည်း မခေ ခနဲ့သလို ပြန်မေးလိုက်သည်။

     "" ပရလောကသားဆိုတာ လူတွေထက်

 အဆင့်နိမ့်တဲ့ သတ္တဝါတွေ... ကြောက်စရာမဟုတ်

 ပါဘူးကွာ...တကယ်တော့ တစ္ဆေသရဲတွေ ဘဝက

 သနားစရာပါ...""

        "" ဦးပဉ္ဇင်းထွက်ကသာ သရဲတစ္ဆေကို

 သနားစရာလို့ပြောနေတယ်... ဒီနားတဝိုက်

 ရွာကလူတွေကတော့ ခဏ ခဏ အခြောက်ခံရလို့

 ညဘက်ဆိုရင် တစ္ဆေကုန်းနား အုပ်စုလိုက်တောင်

 အနားမသီရဲဘူး...""

       "" ဒါက လူတွေငယ်ငယ်က ကြားခဲ့ရတဲ့ အိပ်ရာဝင်

 ပုံပြင်တွေ၊ အကြားတွေ၊အပြောတွေနဲ့

 မြင်ချင်ရာမြင်ပြီး စိတ်ကူးယာဉ်တွေ အတွေးတွေနဲ့

 ကြောက်ရွံ့စိတ်တွေ ဖြစ်လာနေကြတာပါ...""

      အောင်ဒင်နှင့် ခင်စိန်ကတော့ တစ်လုံးတစ်ပါဒ

 ဝင်မပြောတော့ပဲ မောင်ရစ်နှင့် သူရ ပြောသမျှ စကားကို

  ဘေးက နားထောင်လိုက်ပါရင်း

 လျှောက်လာနေကြသည်မှာ တစ္ဆေကုန်းနား

 ရောက်မှန်းမသိ ရောက်လာကြသည်။

       "" ဒါဆို သရဲဆိုတာ တကယ် မရှိဘူး...

 ခြောက်တယ် ဆိုတာ တကယ် မဟုတ်ဘူး...လူတွေရဲ့

 စိတ်ကူးယဉ်တွေ...ကြောက်စိတ်တွေက ဖြစ်လာတာ လို့

 ပြောချင်တာလား ""    

        မောင်ရစ် က နာမည်နဲ့လိုက်အောင် စောဒက

 တက်နေပြန်သည်။  

         "" အဲ့... ဒီလိုလဲ... မဟုတ်ပါဘူးကွာ...

 ဘုရားဟော ထဲမှာ... ပရလောကသားတွေ ဖြစ်တဲ့ ပြိတ္တာ

 ၊ အသူရကာယ်ဆိုတဲ့ ဘုံသားတွေ ရှိပါတယ်...

 ပြိတ္တာဆိုတာက တို့လူသားတွေနဲ့ အနီးစပ်ဆုံး

 ပရလောက သားတွေပေါ့ကွာ.. အခု ငါတို့ အခေါ်

 သရဲ၊တစ္ဆေတွေလို့လဲ ပြောလို့ရတဲ့ ပြိတ္တာမျိုးပေါ့

 ကွာသူတို့တွေရဲ့ ဘဝက ဆင်းရဲဒုက္ခများလွန်းတယ်...

 လူ့ဘဝက အကုသိုလ် ကံတွေကြောင့် အနေအထိုင်

 အစားအသောက် ဆင်းရဲ၊တချို့ဆိုရင် စားရမဲ့

 သောက်ရမဲ့နဲ့ ဝတ်စရာ အဝတ်အစားတောင် မရှိလို့

 ကိုယ်လုံးတီးနေရတဲ့ ဘဝတွေ... အဲ့ဒီ ဒုက္ခ

 ဆင်းရဲတွေကို တချို့ က

 ဝဋ်မခံချင်ကြတော့ဘူး ကျွတ်ချင် လွတ်ချင်လာတယ်...

 သူတို့ ကျွတ်ဖို့ လွတ်ဖို့ ဆိုတာလဲ လူသားတွေက

 အလှူအတန်းလုပ် အမျှပေးဝေမှ ရမှာ... အဲဒီတော့

 လူသားတွေကို အကူအညီ တောင်းဖို့

 ကြိုးစားကြတယ်...ဒါပေမယ့် မတူညီတဲ့

 လောကသားတွေမို့ သူတို့ကို လူတွေက မမြင်ရတော့

 ခက်နေပြန်ရော... တစ်ခါ အသံတွေပေး အနံ့တွေပေး

 ပြီး လူတွေကို သူတို့ရှိကြောင်းပြောပြီး

 အကူအညီတောင်းဖို့ ကြိုးစားကြတယ်... တချို့ကြတော့

 အကောင်အထည်ပြပြီး အကူအညီတောင်း ဖို့

 ကြိုးစားပြန်ရော...  ဒါပေမယ့် သူတို့ရဲ့ မူရင်းရုပ်တွေက

 ကြောက်စရာကောင်းတော့ လူတွေက ကြောက်လန့်ပြီး

 ထွက်ပြေးကြရော... သူတို့ခမျာ... အကူအညီလည်း

 မရ... လူတွေရဲ့ ကြောက်ရွံ့မုန်းတဲ့ ဘဝကို

 ခံကြရပြန်ရော... တကယ်တော့ သူတို့ ဘဝတွေက

 သနားစရာပါကွာ....""

        သူရက ဦးပဉ္ဇင်းဘဝ သူလေ့လာရသမျှကို

 အားလုံးကို ဗဟုသုတနှင့် လတ်တလော ကြောက်ရွံ့မှု

 လျော့ပါးစေရန် ရှည်လျားစွာ ရှင်းပြလိုက်သည်။

        "" ဒီလို ဆိုတော့လည်း... သရဲ တစ္ဆေတွေရဲ့

 ဘဝက သနားစရာတွေပါလား... ""

       အားလုံး ခေါင်းတညိတ်ညိတ် ထောက်ခံကြသည်။

      "" အေးလေ... ငါပြောသားပဲ...သရဲ

 တစ္ဆေဆိုတာ...ကြောက်စရာ...မဟုတ်...ဟုတ်...""

 "" ဟာ...ဟိုမှာ...ဘာကြီးတွေ..လဲကြည့်ကြပါဦး""

      သူရ၏ စကား တဝက်တပျက်နှင့် ရပ်သွားကာ

 အောင်ဒင် အလန့်တကြား လက်ညိုးညွနှ်ပြသည့်

 တစ္ဆေကုန်း ဘက်သို့ အားလုံး ကြည့်လိုက်ကြသည်။

      ညအမှောင် မသဲမကွဲအောက်တွင် တစ္ဆေကုန်းပေါ်မှ

 ပြေးဆင်းလာကြသော လေးဘက်ထောက်သဏ္ဍန်

 မည်းမည်း တစ္ဆေအုပ်ကြီးကိုတွေ့ရသည်။

 တစ္ဆေအုပ်နောက်မှ အကောင်သေးသေးကွေးကွေး

 မျက်လုံးစိမ်းစိမ်းများနှင့် မှင်စာ များကိုလည်း

 တွေ့လိုက်ကြရသည်။

    "" ဂါး...ဂါး... ဂီး...ဂီး...ဂီး...ဝူး...အူး...အူး...""

    ဟူသော  တစ္ဆေအော်သံကြီးများမှာ အသည်းယား

 ရင်သိမ့် နှလုံးတုန်စရာ ကောင်းလှသည်။

      "" ပြေးဟေ့...ပြေးဟ... ခေါင်းပြတ်သရဲတွေ

 တစ္ဆေမှင်စာတွေ လိုက်လာကြပြီ...ပြေးဟ...""

      နဂိုကတည်းက ကြောက်ခံရှိပြီးသားဖြစ်၍

  စောစောက သူရ ဟောပြောထားသော သရဲတစ္ဆေ

 ဆိုသည်မှာ သနားစရာ ဟူသော အတွေးများလည်း

 ဘယ်ရောက်ကုန်ကြသည် မသိ။ ခြေထောက်နှင့် တင်ပါး

 တစ်သားထဲ ကျအောင် ခြေကုန်သုတ်ကြတော့သည်။

 နောက်မှ တစ္ဆေအုပ်ကလည်း တဖုန်းဖုန်း တဝုန်းဝုန်းနှင့်

 ထပ်ကြပ်မကွာ လိုက်လာကြသည်။

         "" ဟောဟဲ.. ဟောဟဲ... မိန်းမ..ခင်စိန်...

 နေပါဦး... ငါ့ စောင့်ပါဦးဟ...""  

       စောစောက တစ္ဆေလိုက်ရင် ငါပြေးနိုင်မှာ

 မဟုတ်ပါဘူးဟု ငြီးတွားခဲ့သော ခင်စိန်မှာ

 ကြောက်ဇောနှင့် သူမ၏ ဝဖိုင့်သော ခန္ဓာကိုယ်နှင့်မလိုက်

 ပြေးသည်မှာ ပိန်ကပ်ကပ် ယောက်ျားသားများ

 ဖြစ်ကြသည့် မောင်ရစ်နှင့် အောင်ဒင်ပင်

 နေက်ကောက်ကျ ကျန်ခဲ့သည်။

        ""  ညွှမ့်...ညွှမ့်.. ညွှမ့်...ဝူး...အူး....""

       "" ညွှမ့်....ညွှမ့်....ညွှမ့်...""

       နောက်မှ ကြားဖူးနားဝ အသံအချို့ကြောင့်

 အောင်ဒင် ပြေးနေသော ခြေလှမ်းတို့ ရပ်ကာ

 နားစွံ့လိုက်သည်။

      "" ဟ...ဟ... ငရစ်နဲ့ ခင်စိန် မပြေးကြနဲ့တော့ဟ..

 တို့နောက်က လိုက်လာတာ သရဲတွေ မဟုတ်ဘူး...

 တစ္ဆေကုန်းထဲ ဝင်အိပ်နေတဲ့ ကျွဲအုပ်တွေ

 ခွေးအအုပ်လိုက်လို့ ပြေးတာဟ""

         အောင်ဒင့် အသံကြောင့် မောင်ရစ်နှင့်

 ခင်စိန်တို့လည်း အပြေးရပ်ကာ အောင်ဒင့်ဆီသို့

 ပြန်လာကြသည်။သူတို့ လမ်းဘေးဆင်း၍ ရပ်စောင့်

 နေစဉ် ခဏ အကြာ နောက်မှ ကျွဲအုပ်ကြီးက သူတို့ကို

 ကျော်ဖြတ်သွားသည်။

      "" သေနာ... ကျွဲအုပ်တွေ... ငါတို့လာမှ

 တစ္ဆေကုန်းက ဆင်းပြေးလာရလားဟဲ့... လူတွေက

 ကြောက်လို့သေတော့မယ်...""

        ခင်စိန်က တဗျစ်တောက်တောက်

 ဆဲဆိုတော့သည်။

       "" ဟုတ်ပဟာ... ငါတို့မှာတော့ ပြေးလိုက်ရတာ

 ဖပ်ဖပ်မောလို့... ""

      ""ဒါနဲ့ ငါတို့တွေ ပြေးလာလိုက်ကြတာ.. သူရကော

 ဘယ်မှာ ကျန်နေခဲ့လဲ... ဟဲ့...""

        ခင်စိန်ပြောမှ သူရကို သတိရကြသည်။

       "" အောင်းမလေး... သူရက ပဉ္ဇင်းဝတ်ပြီးမှ

 တရားသဘောတွေ နားလည်... သတ္တိတွေ ကောင်းပြီး

 တစ္ဆေလိုက်တယ် ဆိုတာတောင် လုံးဝ

 မတုန်လှုပ်တော့ဘူး... အဲ့ဒီနေရာမှာ ပဲ ခပ်တည်တည်

 ရပ်ကျန်နေခဲ့တာ...ငါတွေ့တယ်...""

        အောင်ဒင် ပြောတော့ မောင်ရစ်နှင့် ခင်စိန်မှာ

 တအံတသြနှင့် ခေါင်းတ ညိတ်ညိတ်

 ဖြစ်နေကြသည်။    

        "" ဟုတ်ပကွာ... သူရ တကယ်

 သတ္တိကောင်းလာတာပဲ... အားကိုးလောက်တဲ့

 ကောင်ကြီးပါကွာ... ကဲ...ကဲ သူ့ဆီ ပြန်သွားပြီး..

 ရွာပြန်ခရီး ရှေ့ဆက်ကြစို့...""

        မောင်ရစ်၊ အောင်ဒင် နှင့် ခင်စိန်တို့ သူရရှိရာ မူလ

 သူတို့ပြေးခဲ့သော နေရာသို့

 လမ်းပြန်လျှောက်လာကြသည်။

       သူရကတော့ နေရာမှာပင်ရပ်၍ သူတို့အား

 စောင့်နေသည်ကို တွေ့ကြ့ရသည်။

      "" သူရရေ... မင်းကတော့ နာမည်နှင့် လိုက်အောင်

 သူရ သတ္တိနဲ့ပြည့်စုံပါတယ်ကွာ.. ချီးလဲ ချီးကျူးပါတယ်..

 ငါတို့တော့ ကိုယ့်ဘာသာတောင် ပြန်ရှက်မိပါတယ်...

 ကျွဲကို တစ္ဆေဆိုပြီး လန့်ပြေးကြတယ်လို့...ဟီး...ဟီး..

 မင်းကိုငါတို့ ဆရာတင်ပါတယ် ပဉ္ဇင်းထွက်ကြီးရယ်...""

        မောင်ရစ်က ရှက်ပြုံးပြုံး၍ သူရကို လှိုက်လှိုက်လှဲလှဲ

 ချီးကျုး လိုက်သော်လည်း သူရက ဘာမျှ မပြောပဲ

 မောင်ရစ်ကို ပြူး၍ ကြည့်နေလေသည်။      

       "" ဟျောင့်... မင်းကို ငါက...တကယ်

 ကျေကျေနပ်နပ် ချီးကျူးနေတာ...မင်းက ငါ့ကို ဘာ

 ပြူးကြည့်နေတာလဲ...""

      "" ဘိုင်း...""

      မောင်ရစ်က  စိတ်တိုတိုနှင့် သူရ ပခုံးအား ကိုင်၍

 တွန်းလိုက်ရာ သူရ ၏ ခန္ဓာကိုယ်မှာ မြေကြီးပေါ်သို့

 ဘိုင်းကနဲ့ လဲကျသွားလေသည်။

      "" ဟာ...ဟာ... လုပ်ကြပါဦးဟ... သူရ...

 သရဲမကြောက်လို့ မပြေးတာ မဟုတ်ဘူး...

 အကြောက်လွန်ပြီး နေရာမှာတင် အသက်ရျူရပ်

 နေတာ...ဟ.. ""

       "" ဟိုက်....""

---------------------------------------------------

               ပြီးပါပြီ။

 ယခု ကာလအထိ gp ကို အားပေးခဲ့ကြသော

 မန်ဘာအားလုံးကို ကျေးဇူးတင်လျက်။

ချစ်သား မာရ်နတ်

Comments