"" ခေါ်၍ လိုက်ခဲ့သည် ""
        -----------------------

      မောင်လယ်တော က ၁၃ နှစ်။ ညီဖြစ်သူ မောင်ထက်မြက် ၈ နှစ်တုန်းကပေါ့။ အိမ်မှာ ညီအစ်ကို နှစ်ယောက်ထဲ ရှိတဲ့နေ့ ။ အဖေက ငုတ်မှာ ချည်ထားတဲ့ လှေ ကြိုးပြေပြီး  ပင်လယ်ထဲ မျောသွားတာ ဆားကျင်းရွာဘက်မှာ ကပ်နေတယ် သတင်းကြားလို့ လိုက်သွားချိန်။ အမေကတော့ မောင်လယ်တော တို့ ဘဝထဲ မရှိတောလို့ ထည့်မပြောတော့။ မရှိတော့ဘူးဆိုတာ မောင်လယ်တော ၁၀ နှစ်သားမှာ ဆုံးသွားတာ။ဒီလိုဆိုတော့ အဖေ ခရီးထွက်ရပြီဆို  ညီအစ်ကိုနှစ်ယောက် ဖြစ်သလို ချက်စားရင်း အိမ်စောင့် ကျန်နေခဲ့တာ အမြဲ။ အခုက နွေရာသီ ကျောင်းပိတ်ရက် ဆိုတော့ အိမ်စောင့်ရတာ အေးဆေး။

     "" ညီလေး ထ...ထ တော့ ဘယ်အချိန် ရှိပြီလဲ မသိဘူး... မိုးလင်းတော့ မယ် ထင်တယ်... ပင်လယ် ကမ်းခြေ သွားရအောင် ... သူများတွေ ဦးကုန်မယ်... ""

   ဘယ်အချိန်ရှိမှန်း မသိပဲ  ညီအစ်ကို အိပ်ယာက လူးလဲထ ။ မျက်နှာလည်း မသစ်အားတော့ပဲ တုတ် တစ်ယောက် တစ်ချောင်းကိုင်ပြီး ပင်လယ်ဘက် ထွက်လာခဲ့တယ်။

      မနက်ခင်း ၃နာရီ လောက်ရှိမယ် ထင်တယ်။ နွေရာသီလို့သာ ပြောတာ။ ပင်လယ်မှာ လေတဖြူးဖြူးနဲ့ အေးစိမ့်လို့။

     "" ကိုကြီး ဘယ်ဘက် သွားမလဲ ""

      "" အရှေ့ဘက် အရင်သွားမယ် ... ညီလေး...  ပြီး အရှေ့ဘက် ဆည်ရောက်ရင် အနောက်ဘက် ပြန် လျှောက်ကြမယ် ""

      ညီအစ်ကို နှစ်ယောက် လဆန်းကွေးကွေးလေးအောက်မှာ ကမ်းခြေအတိုင်း အောက်ကို သေချာကြည့်လျှောက် လာကြတယ်။ ပြောရတာ မဟုတ်။ ကမ်းခြေမှာ ဒိုက်ပုံတွေကပေါ သလို ဒိုက်ပုံမှာ ခိုပြီး ခွေနေတဲ့ မြွေကလည်း ပေါချက်။ တစ်ချို့ မြွေတွေက အန္တရာယ်မရှိပေမယ့် ဂျက်လုံး၊ ဂျက်တို ၊ ပင်လယ်မြွေဟောက်လို ကောင်မျိုးတွေကတော့ တုံးခနဲ့ ဖြစ်သွားမယ်။

     မောင်လယ်တော တို့ကတော့ ပင်လယ်ကမ်းခြေမှာ နေခဲ့တာ ကြာလို့လား မသိ။ ကြောက်ရမှန်း မသိ ။ လန့်ရမှန်း မသိ။ ဟုတ်တော့ ဟုတ်သည်။ မောင်လယ်တော တို့ ဘက်မှာက လယ်လုပ်တဲ့ သူတွေတာ မကြာခဏ မြွေကိုက်ပြီး ဆုံးတာ ရှိတတ်ပေမယ့် မောင်လယ်တော တစ်သက် မြွေအင်မတန်ပေါတဲ့ ပင်လယ်ကမ်းခြေမှာ မြွေကိုက်သေတဲ့ မသာ တစ်ခါမှ မကြားဖူး။

     "" ကိုကြီး ဟိုးမှာ မည်းမည်းနဲ့ ပိုက်ဘော့လုံးလား မသိဘူး ""

     ညီအစ်ကို နှစ်ယောက် ပြေးသွားကြည့် လိုက်တော့ အမှန်ပင် ပိုက်ဘော့သီးလုံး တစ်လုံး။

     "" အဆင်ပြေပြီ ညီလေး ဒီကောင် တစ်လုံးဆို ရောင်းရင် ဆန် လေးဗူး လောက် ရတယ်... ""

    ပိုက်ဘော့သီးကို ကောက်ယူပြီး ညီလေးကို တုတ်ချောင်းလေးမှာလျိုထမ်း စေပြီး  ဆက်လျှောက်ကြပြန် တယ်။

     ဒီလိုပါပဲ ။ မောင်လယ်တော တို့လို ပင်လယ်ကမ်းမှာ နေကြသူ များ အဖို့က ပင်လယ်ထဲက မျောပါလာတဲ့ ပစ္စည်းအချို့ထဲက အသုံးဝင်မယ့် အရာလေးတွေ ကောက်ပြီး ရောင်းတတ်ကြတယ်။ တစ်ခါ တစ်ခါ ပင်လယ်ထဲမှာ ပင်လယ်သင်္ဘောကြီးတွေ မှောက်တယ် နစ်တယ် သတင်းကြားရင် မပျော်ကောင်းပေမယ့် စိတ်ထဲမှာ ပစ္စည်းတွေ မျောလာပါစေ ဆုတောင်း တတ်ကြသေး။ အဲ့ဒီလို အခါမျိုးဆိုရင် စားဆီပုံးတွေ၊ မုန့်ပုံးတွေ ၊ အချိုမှုန့်ထုပ်ကြီးတွေ၊ ရတဲ့သူက ရကြတော့ မပျော်ထိုက်သော်လည်း ပျောစရာ ပင်။

      ရေကြီးရက်တွေဆို တော်တော်များများ အသုံးဝင် ပစ္စည်းတွေ ကောက်ရတတ်သည်။ အခုလဲ ရေကြီးရက်မို့ မောင်လယ်တောတို့ ညီအစ်ကို သူများထက် ဦးအောင် ပင်လယ်ဘက် ပစ္စည်းကောက်ဖို့ ထွက်လာတာ။ ထွက်လာတာ မကြာသေး။ ပင်လယ်ထဲ ထောင်ရတဲ့ ဂါးပိုက်ကြီးတွေမှာ အသုံးပြုတဲ့ ဘော့သီးကြီး တစ်လုံး ကောက်ရလ့ ညီအစ်ကို နှစ်ယောက် ပျော်လို့ ရွှင်လို့။

      အရှေ့ဘက် က ဆည်ကြီးရောက်တော့ မောင်လယ်တော တို့ ညီအစ်ကို ဘော့သီးကြီး နှစ်လုံးနဲ့ ဘော့သီး အသေး အရှည် လေးလုံး ရပြီ။

      "" အနောက် ဘက် ပြန်လျှောက်ကြရအောင် ညီလေး ""  

      ညီအစ်ကို နှစ်ယောက် အနောက်ဘက်ကို ခြေဦးပြန်လှည့်လိုက်ကြတယ်။

      "" အစ်ကိုကြီး ... ဟိုးရှေ့မှာ မည်းမည်း မည်းမည်းနဲ့ ဘာကြီးလဲ ""

     ညီလေးထက်မြက် လက်ညိုးထိုးပြလို့ ကြည့်လိုက်တော့ မောင်လယ်တောတို့ တည့်တည့် ခပ်ဝေးဝေး မျက်နှာချင်းဆိုင်မှာ လှုပ်လှုပ်နဲ့ မည်းမည်းသဏ္ဍန်တစ်ခုကို တွေ့ရတယ်။

      "" မသိဘူး ညီလေး...  လူပဲလား မသိဘူး ""

      ပြောသာ ပြောရတာ မောင်လယ်တော ရင်ထဲ တထိတ်ထိတ်။ ညီအစ်ကို နှစ်ယောက် ခပ်လန့်လန့်နဲ့ လျှောက်လာတာ ထို လူသဏ္ဍန် မည်းမည်းကြီးက တဖြည်းဖြည်း နီးလာတယ်။ မောင်လယ်တော တို့ဆီ တည့်တည့် လျှောက်လာနေတာ။

      "" အစ်ကိုကြီး သရဲလား မသိဘူးနော်... ညီလေး ကြောက်တယ်... ""

     မနက်ခင်းဆိုပေသည့် ညအချိန်သာ ရှိသေးတာမို့ မည်းမည်းသဏ္ဍန်ကြီးကို တွေ့ရတော့ ငယ်ရွယ်တဲ့ ညီလေး ကြောက်မယ်ဆိုလည်း ကြောက်စရာ။ မောင်လယ်တောပင် ရင်ထဲမှာ ခပ်ကြောက်ကြောက်ရယ်။ အရေးအကြောင်းဆို ရိုက်ရန် လက်ထဲက တုတ်ကို အရန်သင့် ကိုင်ထားရတယ်။

      "" ဘယ်  ..သူ.. လဲ... ""

     မောင်လယ်တော အသံမာမာနဲ့ လှမ်းမေးပေမယ့် ရှေ့က မည်းမည်း သဏ္ဍန်က ဘာမှ ပြန်မပြောဘူး။ တည့်တည့် လျှောက်လာ နေမြဲ။

      "" ကို ကိုကြီး...  သ...ရဲ... ခေါင်း မပါဘူး...သရဲ ""

     ညီလေးစကားက တုန်တုန် ယင်ယင်။ မောင်လယ်တောလည်း လန့်လန့်နဲ့ သေချာ ကြည့်လိုက်တော့  ။ ဟုတ်ပေသည်၊ မည်းမည်း သဏ္ဍန်ကြီးမှာ ခေါင်းမတွေ့ရ။

     "" ပြေး... ပြေး...ညီလေး..  ""

     "" ဟား... ဟား... ဟား... ဟိတ်ကောင်လေးတွေ မပြေးနဲ့. ဟ...  မင်းတို့ ကိုစိုးလွင် သားတွေ မဟုတ် လား... ငါ ကို ကျော်ကြီးပါဟ... ""

     ပြေးမယ့် ခြေလှမ်းတွေ တန့်ပြီး ရပ်ကြည့်လိုက်တော့  ခေါင်းက ခြုံထားတဲ့ ပုဆိုးကို ဖြုတ်ရင်း တဟားဟား ရယ်နေတဲ့ ဆည်ကြီးရဲ့ ဟိုဘက်ရွာက ကိုကျော်ကြီးကို တွေ့လိုက်ရတယ်။

     "" တော် တော် ကြောက်တတ်တဲ့ ကောင်တွေ...  ဟား ဟား... ""

     ကိုကျော်ကြီး စကားကို မောင်လယ်တော အခဲမကျေ။

     "" ကိုကျော်ကြီးက ဘယ်သူလဲ မေးနေတာ ဖြေမှ မဖြေတာ ဗျ... ပုဆိုးကြီး ခေါင်းခြုံထားတော့ သရဲ ခေါင်းပြတ် ထင်တာပေါ့... တော်ကြာ တုတ်နဲ့ မှားရိုက်မိရင်လဲ မကောင်း ဘူးလေ ""

     "" အေးပါကွာ... အေးပါ...  ငါ က စ ,လိုက် တာပါ..  မင်းတို့ ညကြီး မင်းကြီး ဘာတွေ လိုက်လုပ်နေတာ လဲ ""

      လက်ထဲက ဘော့သီးတွေ မြှောက်ပြပြီး ညီအစ်ကို နှစ်ယောက် ပွစိ ပွစိ လုပ်ရင်း ကမ်းခြေအတိုင်း အနောက်ဘက် ကို ဆက်လျှောက်လိုက်ကြတယ်။ မူလ က လျှောက်လာတဲ့ နေရာကို ကျော်ပြီး ရွာ အနောက်ထိပ် ဘက်ရောက်လာကြတယ်။ အရေးထဲ ပင်လယ်လှိုင်းပြန်ကျတဲ့ ရေစီးကြောင်းထဲက မြွေက မောင်လယ်တော ကို ကိုက်လိုက်သေး။ ခြေထောက်မှာ ဆစ်ခနဲ့ အပေါက်ခံလိုက်ရကတည်းက မောင်လယ်တော ကသိလိုက်ပြီ။ အဆိပ်ရှိတဲ့ မြွေလား မရှိတဲ့ မြွေလား ကြည့်ဖို့ကလည်း မှောင်ရိပ်က နည်းနည်းရှိနေတာမို့ မြွေကိုတောင် မမြင်လိုက်ရ ။

        "" ညီလေးရေ...  ကိုကြီးကို မြွေကိုက်တယ် ဟ...  အင်္ကျီချွတ်ကွာ...  ခြေထောက်မှာ စည်းရအောင်.. ""

      ကြားဖူးနားဝ ဖတ်ဖူးတာလေးတွေ တတ်သလောက် လုပ်လိုက်တယ်။ တကယ်သေမယ့် လူဆို ခဏအတွင်း သေမှာပဲ ဒီအချိန် ဘယ်မှာမှ အကူအညီတောင်း၍ မရသလို မောင်လယ်တောတို့ရွာမှာ ဆေးရုံ ဆေးပေးခန်းက လုံးဝမရှိ။ သေရုံအပြင် ဘာမှ မရှိဟူ၍သာ မှတ်ယူထားလိုက်တယ်။

      "" ကိုကြီး... ဟိုး ပင်လယ်ထဲမှာ မျောလာတာ မည်းမည်းကြီး ဘာကြီးလဲ မသိဘူး... ""

      မြွေကိုက်ဒဏ်ရာကို လျှောက်ကလိနေတုန်း ညီလေးစကားကြောင့် ပင်လယ်ထဲ  လှည့်ကြည့်လိုက်တော့ လရောင်ကွေးကွေး ပင်လယ်ရေ အရောင် တလက်လက် လှိုင်းလုံးတွေကြားထဲ မြုပ်ချည်ပေါ်ချည် မျောနေတဲ့ မည်းမည်း သဏ္ဍန်တစ်ခုကို တွေ့လိုက်ရတယ်။

      "" ထင်းတုံးကြီးလား မသိဘူး...  ညီလေး...  ခဏနေရင် ကမ်းကပ်တော့မယ်...  အိမ်သယ်သွားရအောင်... ""

     "" ဒီလောက်အကြီးကြီး...  ကိုကြီး ဘယ်လို သယ်မလဲ... ""

     ညီလေး အမေးကြောင့် မောင်လယ်တော ခဏ တွေဝေသွားတယ်။

      "" ကမ်းမကပ်ခင် ရေထဲကနေ ကိုကြီး ဆွဲသွားမယ်ကွာ...  ကိုကြီးတို့ အိမ်နောက်ဖေး တည့်တည့်ရောက်ရင် ကမ်းပေါ် ဆွဲတင်ထားမယ်...  ဖေဖေ ပြန်လာမှ ပုဆိန်နဲ့ခွဲ ... အိမ်ပြန်သယ် အခြောက်လှန်း ထားမှာ ပေါ့ ""

    မောင်လယ်တော အကြံကို နှစ်ဦး သဘောတူ ဆုံးဖြတ်ပြီး ထင်းတုံးကို ဆွဲဖို့ ပြင်ရတယ်။

     "" ညီလေး ကမ်းပေါ်က လမ်း လျှောက်...  ကိုကြီး ရေထဲဆင်း ထင်းတုံးဆွဲပြီး အိမ်ပဲ ပြန်ကြမယ်... ""

     မြွေကိုက်ခံရလို့ စိတ်ထဲ မပျော်သလို ဖြစ်နေတာကြောင့် ပစ္စည်းကောက်ဖို့ ပင်လယ်ကမ်း ဆက်မလျှောက်တော့ပဲ ထင်းတုံးဆွဲပြီး အိမ်ပြန်ကြဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

       မောင်လယ်တော ပင်လယ်ထဲ ဆင်းလာခဲ့တော့ ညီလေးက ကမ်းပေါ်က ရပ်စောင့်နေတယ်။ လှိုင်းတွေက တစ်ဝုန်းဝုန်း ကမ်းပေါ် ပြေးတက်လာလိုက် ပြန်ဆင်းသွားလိုက်နဲ့။ ခပ်လှမ်းလှမ်းက ထင်းတုံးကြီးကလည်း မောင်လယ်တောနဲ့ နီးလာပြီ။ ရေဒူးလောက်ရောက်တော့  ထင်းတုံးကြီး အနားရောက်လာမယ့် အချိန်ကိုပဲ စောင့်နေလိုက်တယ်။

      ရေပေါ်မှာ လူးကာလိမ့်ကာ နီးလာတဲ့ ထင်းတုံးကြီးကို ကြည့်ရင်း မောင်လယ်တော ဝမ်းသာသွားတယ်။

     "" ဟာ... ထင်းတုံးကြီးမှာ ကိုင်းတွေပါတာပဲ...  အတော်ပဲ...  ရေထဲကနေ ကိုင်းကဆွဲသွားရင် အေးအေး ဆေးဆေးပဲ... ""

      ထင်းတုံးကြီးက လူကြီးတစ်ကိုယ်စာထက် ကြီးနေတော့ မိမိအားလေးနဲ့ ဆွဲနိုင်ပါ့မလား ထင်နေတာ။ ကိုင်းတွေပါနေတော့ မောင်လယ်တော အတွက် အဆင်ပြေသွားတယ်။
 
        လက်နှစ်ကမ်းလောက် အနေအထားကို ထင်းတုံးကြီးရောလာချိန် မောင်လယ်တော စိတ်ထဲ ဇဝေဇဝါ ဖြစ်လာတယ်။

      "" ထင်တုံးကြီးမှာ နီနီနဲ့က ဘာကြီးလဲ...  သြော်...  ထင်းတုံးမှာ အဝတ်နီကြီး ချိတ်နေတာ နေမှာပါ... ""

     လရောင်အောက်မှာ ထင်းတုံးကြီးပေါ်က အနီရောင်အစ တစ်ခုကို တွေ့ရလို့ မောင်လယ်တော ကိုယ့်ဘာသာ မေးခွန်းထုတ် ကိုယ့်ဘာသာ အဖြေပြန်ပေးနေမိတယ်။

      လက်တစ်ကမ်း ရောက်လာတဲ့ ထင်တုံးကြီးကို လှမ်းဆွဲဖို့ ကိုင်းကို ကိုင်လိုက်ချိန်

     "" လာ...ခဲ့ကွာ... ... ""

     "" ဗြိ... ဇိ... ဇိ....""

      "" အား....  သ...ရဲ...  သရဲ... ညီလေး... လူသေကြီး.... ပြေး...ပြေး....""

      ဇိကနဲ့ ကိုင်မိလိုက်တဲ့အရာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မောင်လယ်တော တစ်ကိုယ်လုံး ကြက်သီးတွေထ တစ်ကိုယ်လုံး မြောက်ကြွသွားသလို ခံစားရကာ ကြောက်လွန်းသဖြင့် အသံတွေတုန် စကားတွေပင် မှားကုန်ရတော့တယ်။

      ကမ်းပေါ်က ညီလေးကလဲ သရဲဆိုတဲ့ အသံကြားတာနဲ့ ပြေးတာ မှုန်လို့။ ကိုယ်နဲ့တောင် လည်ပယ် ပြေးနေတာ။ မောင်လယ်တော ကမ်းပေါ်ရောက်အောင် တက်ပြေး ပြီး အိမ်ရှိရာဘက်ကို သရဲ လို့ အော်ပြေးတာ ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ပင် မထင်ရ။ ဒီလောက်တစ်ဟုန်ထိုးပြေးနေချိန် မောင်လယ်တောတို့နောက်က ခြေသံအပိုကြီး တစ်ခုကြားလိုက်ရလို့ ကြောက်ကြောက်နဲ့ လက်ထဲက တုတ်ကိုကိုင်ပြီး လှည့်ရိုက်လိုက်တယ်။ ဒါပေမယ့် လေကိုသာ ရိုက်မိပြီး ဘာမှ မတွေ့တော့ ကြောက်စိတ်က ပိုပြင်းလာတာပေါ့။

       အိမ်ခြံထဲနွားမဝင်နိုင်အောင် ကာထားတဲ့ လူကြီးဝမ်းဗိုက်လောက်အမြင့် သွပ်ဆူးကြိုး ခြံစည်းရိုးတောင် ကြောက်ကြောက်နဲ့ ငုံ့ဝင်ရမှန်း သတိမရ။ တုတ်ထောက်ပြီး ညီအစ်ကို နှစ်ယောက် ခုန်ကျော်ပစ်တာ ခြံထဲအရောက်ပဲ။

      အိမ်ပေါ်ပြေးတက်လိုက်ချိန်ထိ ညီအစ်ကို နှစ်ယောက် ရင်တုန်မပြေသေး။ ကောက်ထားတဲ့ ပစ္စည်းတွေလည်း ညီလေး ဘယ်နား ပစ်ချထားခဲ့မှန်း မသိ။ ပြန်လည်း မရှာရဲတော့။

      "" ကိုကြီး... ညီ...ညီလေး... ကြောက်...ကြောက်...တယ်... ""

     အသံတွေတုန်နေတဲ့ ညီလေးက ဘာကိုတွေ့လို့ ကြောက်မှန်း မသိ။ ကိုယ်က မျက်မြင်လည်းဖြစ် လက်တွေ့လည်း ထိတွေ့ရလို့ ကြောက်တာ ထားတော့။ ဒါပေမယ့် ညီလေးကို စိတ်သက်သာအောင်

     "" ကဲ... အဲ့ဒါဆိုလည်း ဘုရားရှေ့လက်အုပ်ချီပြီး ရှိခိုးလိုက်ညီလေး... ဘုရားစာရွတ်ရင် သရဲ ခြောက်မရဘူး... ""

      ပြောလိုက်တော့ ညီလေး က ဘုရားစင်ရှေ့ပြေးပြီး ရွတ်လိုက်တဲ့ ဘုရားစာ ။ ဣိတိပိသော ၊ သံဗုဒ္ဓေ ကိုစုံလို့။ ညီလေး ဘုရားရှစ်ခိုးနေတုန်း မောင်လယ်တောမှာ အိမ်အပြင်ကို မျက်စိတောင်းမှောက် လိုက်ကြည့်နေရတယ်။တော်ကြာ လိုက်လာရင် ဘယ်လို လုပ်မလဲ။ တော်တော်ကြာတော့ ညီလေး အကြောက်ပြေသွား ပုံရတယ်။ ဘုရားရှစ်ခိုးနေရာက ထလာပြီး

      "" ကိုကြီး... တကယ် သရဲတွေ့တာလား... ""

     သူ့မေခွန်းကြောင့် မောင်လယ်တော ကြောင်အမ်းအမ်း ဖြစ်သွားတယ်။

      "" မဟုတ်ဘူးကွ.. ညီလေးရ...  အစ်ကိုကြီးလဲ ကြောက်ကြောက်နဲ့ ပါးစပ်ထဲ တွေ့တာ အော်လိုက်တာ "'

     "" ဟမ်... ဒါဆို ကိုကြီး တွေ့တာ ဘာကြီးလဲ...  ညီလေးက ကိုကြီး က သရဲလို့ အော်လို့ လန့်ပြီး ကြောက်နေတာ... ""

     အခုမှ မောင်လယ်တောလည်း ရှက်ပြုံးပြုံးရတဲ့ အဖြစ်။

      "" ကိုကြီးတွေ့တာ လူသေကြီး ညီလေးရ...  ရေနစ်သေတာနဲ့ တူတယ်...  ကိုကြီးက ထင်းတုံးကြီးဆိုပြီး အဆွဲကွာ... လှိုင်းကအပုတ်... ထင်းတုံးလို့ထင်တဲ့ဟာကြီးက ကိုကြီး ခြေထောက်နား အရောက်... သူ့မျက်နှာကြီးက ရေပေါ်ပေါ်လာ... သူ့မျက်နှာကြီးကကွာ ဖောင်းပွပြီး ငါးပူတင်းတွေကိုက်ထားတာ ဟိုနေရာ တစ်ကွက် ဒီနေရာတစ်ကွက်ဖြူ ဒီကြားထဲ လရောင်က သူ့မျက်နှာပေါ်ထိုးလိုက်တော့ ကြောက်စရာကြီးကွာ... အဲ့ဒါကြောင့် လန့်အော်မိတာ.... ဒီကြားထဲ သူ့လက်ကြီးကို သစ်ကိုင်းကြီးဆိုပြီး ဆွဲမိတော့ ဇိကနဲ့ ပျော့ပျော့ကြီး ကိုင်မိတာ အပုပ်နံ့က အခုထိ လက်မှာ စွဲနေတုန်း...  ဝေါ့...ထွီ.. ""

     ပြောပြောဆိုဆို မောင်လယ်တော ကိုယ့်လက်ကိုယ်နမ်းကြည့်မိတော့ ပုပ်အက်အက်အနံ့ကြီးက နံဟောင်နေတာမှ အော့အန်ချင်စရာ။

   "" ကိုကြီး ပြောတာနဲ့ ပြန်ကြောက်လာပြီ... ရေထဲကနေ ... ထလိုက်လာရင် ဘယ်လို လုပ်မလဲ...  ညီလေးတို့ ပြေးလာတုန်းကတောင် ခြေသံကြီး ကြားသေးတယ် မဟုတ်လား... ""

     ညီလေးပြောမှ ကြက်သီးတွေ ပြန်ထလာတယ်။ ဒါပေမယ့် လက်က အနံ့ကြီးကို စိတ်မသန့်တာကြောင့် အိမ်ရှေ့ရေကပျဉ်ကို ဆင်းပြီး ဆပ်ပြာတုန်းနဲ့ ပယ်ပယ်နယ်နယ် လက် ဆေးရတာပေါ့။

      အဲ့ဒီမှာပဲ အိမ်ရှေ့အပေါက်ဝဘေး တံစက်မြိတ်အောက်မှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ အကောင်ကြီးကို တွေ့ရတော့တာပဲ။

      "" ဘယ်... ဘယ်သူလဲ... ""

     မောင်လယ်တော ကြောက်ကြောက်နဲ့ မေးပေမယ့် အဲ့ဒီမည်းမည်းကောင်ကြီးက ပြန်မဖြေဘူး။ ကျောပေးပြီး ငုတ်တုတ်ထိုက်နေတယ်။ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နဲ့။ လရောင်အောက်မှာ မျက်နှာတခြမ်းကို မြင်လိုက်ရတော့ မောင်လယ်တော ခေါင်းနပန်း တွေ ကြီးကုန်တယ်။ မျက်နှာတစ်ခြမ်းက ဖောင်းဖောင်းပွပွကြီးနဲ့ ဖြူဖြူ အကွက်အကွက်တွေ အသားဖက်တွေ လန်နေတဲ့ မျက်နှာကြီး။ သေချာပြီ။ ရေထဲက လူသေကြီး အိမ်လိုက်လာပြီ။

      အိမ်ပေါ် ကမန်းကတန်းပြေးတက် ညီလေးကို ဖက်ပြီး အိပ်ယာထဲ လှဲချ စောင်ခေါင်မြှီးခြုံနေလိုက်တယ်။ ညီလေးက တိုတိုးလေး ဘာလဲလို့ မေးတော့ "" လူသေကြီး အိမ်ရှေ့မှာ ငုတ်တုတ်ထိုင်နေတယ် "" လို့လဲ ဖြေလိုက်ရော သကောင့်သား မောင်လယ်တောကို အတင်းဖက်ထားတာ အသက်တောင် ရှူမဝဘူး။ ကိုယ်ကလည်း အသံ မထွက်ရဲတော့ ငြိမ်ပဲနေလိုက်ရတယ်။

       မောင်လယ်တော တို့ ညီအစ်ကို တစ်မနက်လုံး ပြန်မအိပ်ရဲဘူး။ အိမ်ရှေ့က တဟီးဟီးနဲ့ ချမ်းတုန်နေသလို အသံကြီးက နားထဲမှာ ကြားနေရတာ။ မနက် အာရုံတက် အုန်းမောင်း ခေါက်သံအဆုံးတော့ ညည်းနေတဲ့ အသံကြီး တိတ်သွားတယ်။

      မနက်မိုးစင်စင်လင်းမှ မောင်လယ်တောတို့ အိပ်ယာထရဲတယ်။ ဒီအချိန်တော့ ဘာကြီးမှ မကြောက်တော့ဘူး။ လူသွား လူလာတွေ ရှိနေပြီလေ။

     မျက်နှာသစ် ၊ အိပ်ယာသိမ်းပြီး ညီအစ်ကို နှစ်ယောက် ပင်လယ်ဘက် ပြန်ထွက်လာခဲ့တယ်။ ညက ကျကျန်ခဲ့တဲ့ ပစ္စည်းတွေ ပြန်တွေ့မလားလို့။ တွေ့တဲ့ဟာတော့ ပြန်တွေ့ပါတယ်။ တစ်ချို့တော့ သူများတွေ ကောက်သွားပြီနဲ့ တူတယ် ။ အစအနတောင် မတွေ့တော့ဘူး။

       ပင်လယ်ဘက်ထွက်ရင်း ရွာအနောက်ထိပ်မှာ လူစုလူဝေး နေလို့ ပြေးကြည့်ကြတော့ ညက မောင်လယ်တော လက်ဆွဲမိတဲ့ လူသေ အလောင်းကြီး ကမ်းကပ်နေလို့ လူတွေ ဝိုင်းကြည့်နေကြတာ။

      လူသေအလောင်းက ယောက်ျား အလောင်းကြီး။ ရေဝပြီး ဖောင်းကားလို့။ ညက တွေ့တဲ့အတိုင်း မျက်လုံးကြီးကပြူး။ လျှာကြီးက တစ်လစ်။ တစ်ကိုယ်လုံး ငါးပူတင်း ကိုက်ထားလို့ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြူ ။ အသားဖက်တွေက ဟိုတစ်ဖပ် ဒီတစ်ဖပ် လန်ကျလို့။ ရေနစ်နေချိန် အင်္ကျီကို အသည်းအသန် ချွတ်ထားပုံရတယ်။ အကျီင်္ရောင် စပို့ရှပ်လေးက လည်ပင်းမှာ တစ်ဝက် ညာလက်မှာ တစ်ဝက် စွပ်လျက် တစ်ဝက်တပျက်အနေအထား ။ အောက်ကတော့ အတွင်းခံဘောင်းဘီလေးပဲ ကျန်တယ်။ ဒီအတိုင်း ကြည့်တာတောင် လန့်စရာ။ အခုနေများ လူကြားထဲထပြီး ငါ့ကို ဆွဲလျင် ဒုက္ခ ဟူ၍ မောင်လယ်တော ပေါက်ပေါက် ရှာရှာ တွေးမိသေး။  

      ကလေးပီပီ ဘာတွေ ဆက်လုပ်မလဲ ကြည့်နေတော့ မနက် ၁၀နာရီ ကျော်ကျော်လောက် ရဲတပ်ဖွဲ့က သုံးလေးယောက်ရောက်လာ ၊ စာရွက်စာတမ်းတွေနဲ့ ရေးမှတ်၊ သေနတ် ၆ ချက်ဖောက် ၊ အမိန့်ပြန်တမ်းလို စာတွေရွတ်ပြီး ရွာသားတွေ အကူအညီနဲ့ သင်္ချိုင်းမှာ မြုပ်ဖို့ အလောင်းကို သယ်သွားကြတာ တွေ့လိုက်ရတယ်။

      အစိုးရအမိန့်လည်း ပေးပြီး၊ အလောင်းကိုလည်း ပိုင်ရှင်မပေါ်လို့ ရွာသင်္ချိုင်းမှာပဲ မြုပ်လိုက်ပြီဆိုတော့ ဒီဖြစ်ရပ်က ဒီမှာပဲ ပြီးပြီ လို့ မောင်လယ်တော ထင်ခဲ့တာ။ ဒါပေမယ့် မပြီး။

      ညရောက်လို့ ခြေရင်းခြံက အဖွားအိမ်မှာ ထမင်းစားသောက်ပြီး  အိမ်ပြန် အိပ်ချိန် တဟင်းဟင်း ညည်းသံကြီး စကြားရပြန်ရော။ မောင်လယ်တော ချောင်းကြည့်တော့ ခြံထဲမှာ လျှောက်သွားနေတဲ့ မည်းမည်းလူရိပ်ကြီးကို တွေ့ရတယ်။ လူလို့လည်း ပြောမရ။ လူထက် နှစ်ဆလောက် ကြီးတယ်။

        ခြေသံကလည်း ပြင်းသလား မမေးနဲ့။ မြေကြီးပေါ်မှာ တဒုတ်ဒုတ် မြည်အောင် လျှောက်နေတာ။ ညီလေးကို ခေါ်ပြတော့ အိပ်ယာထဲ ဝင်ပြေးပါလေရော။ အဖွားအိမ်မှာ ပြေးပြီး အိပ်ရအောင်ကလည်း အောက်ဆင်းဖို့ နေနေသာသာ ကပျဉ်မှာ ရှူးတောင် ဆင်းမပေါက်ရဲ။

      အိမ်ထရံကိုလည်း တဘုန်းဘုန်းလာပုတ်နေတဲ့ အသံက အသည်းကို ထုနေသလို ခံစားနေရတယ်။ ညည်းသံကြီးနဲ့

      "" အိမ်ပေါ် တက်ချင်တယ်... ""

     ဆိုတဲ့ အသံကြီးကလည်း မောင်လယ်တော နေစရာပင် မရှိတော့။ အသည်းတွေ ငယ်ကုန်တယ်။ တစ်ညလုံး မအိပ်ရ။ မရဲတရဲ စောင်ထဲက ခေါင်းထုတ်ကြည့်တာနဲ့ အိမ်ရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့ သရဲကြီးကို တွေ့ရတယ်။ စောင်ခေါင်းမြှီးခြုံ အိပ်နေတော့လည်း အိမ်ကို ပတ်လျှောက်နေလိုက်၊ တဘုန်းဘုန်း ပုတ်လိုက် ၊ တဟင်းဟင်း ညည်းသံကြီးက ခြေရင်းက ကြားလိုက်၊ ခေါင်းရင်းက ကြားလိုက် ၊ အိမ်အောက်က ကြားလိုက်နဲ့။ ကျောတောင် မလုံချင်တော့။ ဘယ်အချိန် အိမ်အောက်က ခြေထောက်လှမ်းဆွဲမလဲ ကြောက်နေရတာ။ ကြမ်းတွေကလည်း ခပ်ကျဲကျဲ မဟုတ်လား။ အပုပ်နံ့ကြီးကလည်း တစ်အိမ်လုံးကို နံဟောင်နေတာ။ ဒီလိုနဲ့ပဲ တစ်ညလုံး မအိပ်ရ ။ မိုးလင်းမှ အသံတိတ်သွားတယ်။ နောက်နေ့ညတော့ အဖွားကိုပြောပြီး အဖွားအိမ်မှာပဲ အိပ်လိုက်တယ်။ မောင်လယ်တော ပြောတုန်းက အဖွား မယုံဘူး။

      သူကိုယ်တိုင် မောင်လယ်တော တို့ ခြံထဲ ဓာတ်မီးနဲ့ ဝင်သွားမှ အိမ်ရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့ သရဲကြီးကို  မြင်ပြီး ပြန်ပြေးလာတယ်။ အသက်ကကြီးတော့ ဟောဟဲသံတွေပါ ဆိုက်လို့။ အဖွား ဓာတ်မီးနဲ့ လှမ်းထိုးတော့ သရဲကြီး လှည့်ကြည့်လိုက်တာ မျက်လုံးကြီးကပြူး၊ မျက်နှာက ရုပ်ပျက်ဆင်းပျက် အသားဖပ်တွေ လန်ကျပြီး နည်းတဲ့ အကောင်ကြီး မဟုတ်ဘူးတဲ့။ နောက်ပြီး အဖွားဆီ ထလိုက်လာလို့ ပြေးလာခဲ့ရတယ်တဲ့ ။အဖွားလည်း ဘုရားစာတွေရွတ် ၊ အမျှတွေဝေပြီး ခေါင်းမြီးခြုံ ကွေးပါလေရော။ မနက်ကျတော့ ဖျားပါ ဖျားတယ်။

       ဒီနေ့ ခရီးက ဖေဖေ ပြန်ရောက်လာတယ်။ မောင်လယ်တော တို့ ညီအစ်ကိုလည်း အခုမှ အားတွေရှိ သတ္တိတွေ ဝင်လာသလိုပဲ။ ဖေဖေကလည်း အိမ်မှာ တစ်ခုခု ထူးနေတာ ရောက်တာနဲ့ သိတယ် ။

      "" သား... စောစောက အဖေ ပြန်လာတော့ အိမ်ပေါက်ဝ မှာ ရိပ်ခနဲ့ တစ်ယောက်တွေ့လိုက်တယ်...  အဖေ့မြင်မှ မျက်စိရှေ့တွင် ပျောက်သွား တယ်...  အိမ်မှာ ဘာတွေ ဖြစ်နေလဲ... ""

    သရဲက နေ့ခင်းကြောင်တောင် ကြီးတောင် ခြံထဲ ရှိနေတဲ့ပုံ။ မောင်လယ်တောတို့ မမြင်ရ၍သာ။ ဒါ့ကြောင့် အိမ်ပေါ် လှမ်းလှမ်းတက်ရင် တစ်ယောက်ယောက် နောက်က ဆွဲဆွဲချနေသလို ခံစားနေရတယ်လို့ မောင်လယ်တော ထင်နေတာ။မောင်လယ်တော ဖေဖေ့ ကို အကြောင်းစုံ ပြောပြလိုက်တယ်။ ဖေဖေလည်း နဲနဲတော့ တွေသွား တဲ့ပုံ။ ပြီးမှ

    "" မကြောက်နဲ့နော် သား တို့... အဖေ ရှိတယ်... ""

     ချက်ချင်း အပြင်ထွက်သွားတယ်။ ညနေ ပြန်လာတော့ အထုံးလေးတွေနဲ့ ချည်မန်းကွင်း တွေ ယူလာပြီး  မောင်လယ်တော တို့ကို တစ်ကွင်း စီ စွပ်ပေးတယ်။ ပရိတ်ရည်တွေ သောက်ခိုင်းတယ်။ ဘုရားစာတွေရွတ်ပြီး အိမ်ပတ်လည် ချည်ကြိုးဝိုင်းတယ်။ဖေဖေ ကလည်း ခေသူမဟုတ်။ ဘုန်းကြီးကျောင်းမှာ ၁၀ ဝါ လောက် သာသနာ့ဘောင် ဝင်ခဲ့တာ။ လုပ်တဲ့အလုပ်ကသာ ပါဏာတိပါတာ သူ့အသက်သတ်တဲ့ အလုပ်။ ညဆို ပရိတ်ကြီး ၁၁ သုတ် ၊ ပဌာန်း ဒေသနာကို နှုတ်တိုက် ရှစ်ခိုးပြီးမှ အိပ်တာ။ အစွမ်းလည်း နည်းနည်းရှိတယ်ဆိုတာ မောင်လယ်တော တို့ ကြားဖူးနားဝနှင့် မျက်မြင်လည်းရှိတယ်။ ဖေဖေ က မြွေပွေး ၁ ခါ မြွေဟောက် ၃ ခါ အကိုက်ခံထိတာ ဘာမှ ဖြစ်ခဲ့တာ မဟုတ်။ အသက်နဲနြဲကီးမှ မျက်စိမှုန်တဲ့ ဒဏ်နည်းနည်းခံရတာပဲ ရှိတယ်။ ကိုရင်ဘဝကလည်း ဘုန်းကြီးကျောင်းဝန်း ညောင်ပင်က သဘက်ကြီးနဲ့ နပန်းလုံးတယ် ဆိုပြီး နာမည် ကြီးခဲ့တဲ့ မောင်လယ်တော တို့ အဖေလေ။ အဲ့လို အစွမ်းတွေ ရှိလို့လဲ မောင်လယ်တောတို့ ဖေဖေရှိရင် လုံခြုံပြီ ဆိုတဲ့ အသိ ဝင်နေတာ။

     ညရောက်တာနဲ့ ထုံစံ အတိုင်း အိမ်ရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့ သရဲကြီးကို ရိုးတိုးရိတ်တိတ် စတွေ့တာပဲ။ ဒီတစ်ခါ ထူးခြားတာက သရဲဆီက ကြားရတာ ညည်းသံ မဟုတ်တော့ပဲ တောက်တခတ်ခတ် အသံကြီး။ ဖေဖေက အိမ်ပေါ်ကနေပြီး

     "" ဟေ့... မင်းဘာကောင်လဲ...  သတ္တိရှိရင် အိမ်ပေါ် တက်ခဲ့... ""

  လို့  စိန်ခေါ်တော့ သရဲက ထလာပြီး အိမ်ပေါ် လှမ်းတက်လာတယ်။ ခြေတစ်လှမ်းတက်တာ အိမ်ပါ သိမ့်ခနဲ့ တုန်တယ်။ ဒါပေမယ့် အိမ်ပေါ် ခြေတစ်လှမ်း တက်ရသေး

       "" အား... ""

    အော်သံနက်ကြီးကြားရပြီး အိမ်ပေါ်က ဆင်ပြေးတဲ့ အသံကြားရတယ်။ အိမ်ပေါက်ဝအပေါ်မှာ  ပရိတ်ကြိုး ဆွဲထားတာကိုး။ ဖေဖေ အိမ်ပေါ်က ဆင်းပြီး ပရိတ်ရည်ကို သပြေခက်နဲ့ ခြံထဲက အပင်တွေ လိုက်ပတ်တာ။ အိမ်ရှေ့ ဇီးဖြူပင်ကြီးလည်း ပက်ရော အားကနဲ့ အော်သံကြီးနဲ့ အပင်ပေါ်က ဆင်းပြေးတဲ့ အရိပ်ကြီးကို တွေ့ရတယ်။ ခြံပြင်ကို ထွက်ပြေးတာ။

     အဲ့ဒီမှာ ကံဆိုးတာက အဖွား။ မောင်လယ်တော တို့ အိမ်ဘက်က အသံတွေကြားလို့ စိတ်မချဖြစ်ပြီး နေမကောင်းတဲ့ ကြားက ထွက်လာတာ။ ခြံအပေါက်ဝအရောက် ခြံထဲက မည်းမည်းကြီး ပြေးထွက်လာပြီး အဖွားကို ဝင်တိုက်တာ ပက်လက်လန် လဲကျပြီး သတိမေ့ပါလေရော။ ဖေဖေ ပြေးကြည့်တော့ အဖွားက ဆံပင်ဖားလျား မျက်ထောင့် နီကြီးနဲ့ သရဲ ဝင်ပူးခံနေရပြီ။ ဖေဖေက ဘာမှ မလုပ်သေးဘူး။ အိမ်ရှေ့မှာပဲ မီးအိမ်ထွန်းပြီး မေးတာ။

      "" နင် ဘယ်သူလဲ... ဘယ်ကလဲ...  ဘာ့ကြောင့်... ငါ့.. သားတွေကို နှောင့်ယှက်တာလဲ... ""

     "" ငါ နှောင့်ယှက်တာ မဟုတ်ဘူး...  နင့်သားတွေ ငါကို လာခဲ့ဆိုပြီး လက်ဆွဲခေါ်တာ... ငါက မီးပြရွာဘက်က... နာမည်က လွင်ဦး...  အမေ နဲ့ အတူ မီးပြ မြစ်ဝကို ဖြတ်ကူးရင်းလှေမှောက်တာ...  အမေ့ကို ကယ်နိုင်ပေမယ့်.. ငါက ရေနစ်သေတာ...  အလောင်းမှာ စွဲပီး ပါလာတုန်း နင့်သားတွေ ငါ့ကို ခေါ်လာတာ.... ""

    အဖွား ပုံစံ ၊အသံနဲ့ မဟုတ်ပဲ။ မောင်လယ်တောတို့ကို မျက်ထောင့်နီနီကြီးနဲ့ စောင်းစောင်းကြည့်ပြီး အသံပြတ်ပြတ်ကြီး ဖြေနေတာ ။ ဖေဖေက ဘာမှ မဖြစ်ပေမယ့် မောင်လယ်တော တို့ ညီအစ်ကို အိမ်ထောင့်မှာ ကုတ်နေရတယ်။  

     "" ငါ့ သားက နင့်ကို မှားခေါ်တာ... ဒီအိမ် ဒီခြံမှာ နေမရဘူး... အခုက စပြီး ထွက်သွားတော့... ဒါ ဒီအိမ် ဒီခြံပိုင်ရှင်နဲ့ အိမ်စောင့်နတ် ခြံစောင့်နတ်တွေရဲ့ အာဏာနဲ့ အမိန့်... ""

     ဆိုပြီး ဖေေ ပရိတ်ရည်တွေနဲ့ ပက်တော့ အော်ဟစ်ငိုယိုပြီး တောင်းပန်ရှာတယ်။ သူထွက်သွားပါ့မယ်၊ သူ့အလောင်း ဒီရွာမှာ ဆိုတာ သူ့မိခင်ဆီကို အကြောင်းကြားပေးပါ ဆိုပြီး ပြောရှာတယ်။ ဖေဖေ ကတိပေးလိုက်တော့မှ သူထွက်သွားတယ်။ အဖွားလည်း သတိဝင်လာမှ ထိတ်လန့်ပြီး ကြောင်နေလို့ ဖေဖေ ပရိတ်ရည်တွေ တိုက်လိုက်ရတာ အမော။

      နောက်နေ့ မှာတော့ အဖေက ရွာလူကြီးတွေ ဆီ သတင်းပို့တယ်။ ရွာမှာ မြုပ်ထားတဲ့ အလောင်းက မီးပြရွာက လူ ဖြစ်ကြောင်း၊ သူ့အမေကို သတင်းပို့ပေးဖို့ ဝင်ပူးပြောကြောင်း ပြောပြလိုက်တယ်။ ရွာလူကြီးက မယုံတယုံနဲ့ လူကြုံနဲ့ မီးပြရွာကို အကြောင်းကြားလိုက်တယ်။ နောက်နေ့ လူတစ်အုပ်ရယ် အဖွားကြီး တစ်ယောက်ရယ် လိုက်လာပြီး အလောင်းကို ဖော်ကြည့်ကြတယ်တဲ့။ အဖွားကြီးက သူ့သား အမှန်ဆိုတာ ပြောပြီးငိုတာ တက်မတ် ချက်မတတ်ဆိုပဲ။ အလောင်းကို ရွာပြန်ယူမရလို့ ဒီက ဘုန်းကြီးတွေ ပင့်ပြီးတော့ပဲ တရားနာ ဆွမ်းသွပ်လုပ်လိုက်ရတယ်။

       မောင်လယ်တော တို့လည်း ခုမှ အေးအေးဆေးဆေး စိတ်ချလက်ချ အိပ်ရဲ၊ ကိုယ့်ခြံထဲမှာ ဆော့ရဲ ကစားရဲ တော့တယ်။ နောက်များတော့ ညဘက်ကြီး ပင်လယ်ဘက် လုံးဝမထွက်ရဲတော့ဘူး။ မြွေကိုက်လို့ မသေပဲ ၊ သရဲလိုက်လို့ သေတော့မလို ဖြစ်ခဲ့ရတဲ့ မောင်လယ်တော ရဲ့ အဖြစ်။ ရွာထဲက သိသွားကြတဲ့ လူအချို့ကတော့ မောင်လယ်တောကို တွေ့ရင် စနောက်နေကြသေးတယ်။

     "" ဟေး... မောင်လယ်တော...  ပင်လယ်ထဲက ထင်းတုံးကြီး...  ဘယ်နှစ်တုံးခွဲပီး မီးဆိုက်လိုက်ရလဲ "" တဲ့။

      အဲ့လို လှမ်းနောက်ရင် မောင်လယ်တောမှာ မချိသွားဖြဲ မခံချိ မခံသာပေါ့ဗျာ။

---------------------------------------------------

               ပြီးပါပြီ။
  စာရေးတတ်သူ မဟုတ်ပါ။ အရေးအသား ညံဖျင်းမှုအား

 သည်းခံဖတ်ပေးပါ။

     စာရေးဝါသနာရှင် -

                            မောင်လယ်တော

                            6/3/2018 - 13:33 PM

Comments