⭐⭐လောဘ ကတိနှင့် လူသား အစား⭐⭐
....................................................
ညအချိန် လရောင်မရှိ ကြယ်ရောင်မှိန်မှိန်အောက်တွင် ဇလပ်ပြင်သင်္ချိုင်းအတွင်းရှိ အုတ်ဂူများ၊မြေပုံများ၏ မြင်ကွင်းမှာ သရဲ၊တစ္ဆေ၊ နာနာဘာဝများ လဲလှောင်းအိပ်စက်နေ
သကဲ့သို့ ပင်
စိတ်ခြောက်ခြားဖွယ်ကောင်းလှသည်။
တစ်ချက်တစ်ချက် သင်္ချိုင်းအတွင်းမှ ဆွဲဆွဲငင်ငင်အူလိုက်သော တောခွေးများ၏
အူသံကလည်း ကျောစိမ့်စရာကောင်း
လှသည်။
ထိုသို့သော အကာလညအချိန်ကြီးတွင်
ဇလပ်ပြင်သင်္ချိုင်းအနီး ကုက္ကိုပင်ကြီးတစ်ပင်အောက်တွင် လူတစ်ယောက် ဒူးထောက်လျက် အပင်ကြီးကိုမော့ကြည့်ကာ ပါးစပ်က
တစ်စုံတရာကို ပွစိပွစိပြောလျက်။
၎င်း၏ရှေ့၌ နှီးဖြင့်ရက်လုပ်ထားသော ခြင်းကျဲလေးတစ်ခုအတွင်း ငှက်ပျောဖက်နှင့်ထည့်ထားသည့် အမဲသား
အစိမ်းတုံးများ၊အမဲသား အစိမ်းများအပေါ်တွင်
ဖယောင်းတိုင်မီး တစ်တိုင်ထွန်းညှိလျက်...။
ကြည့်တာနှင့် ပုံမှန်မဟုတ်သော ကိစ္စ တစ်ခုခုလုပ်နေမှန်း သိသာသည်။
**ကဲ... ဒီအပင်ကြီးမှာ မှီတင်းနေထိုင်တဲ့ သရဲ၊တစ္ဆေ၊နာနာဘာဝ...ရှိတဲ့အကောင်တွေ နင့်တို့ကို ငါ အသားစိမ်းများလာရောက်ကျွေးမွေးတယ်.....နင်တို့ဘက်က ငါ့ကို ဒီည ပင်လှရွာဖဲဝိုင်းမှာ နိုင်အောင်ကူညီပေး...ကူညီနိုင်တဲ့ သူမှ ငါကျွေးတာကို လာစား...**
အောင်ကြီး ပါးစပ်က သိသလို နားလည်သလိုသာ ဖြစ်ချင်တာကို ရှေ့တန်းတင်၍ ပြောလိုက်သည်။အဓိက က, လိုရင်းဖြစ်နေဖို့ အရေးကြီးသည်။ညအချိန် လူသူမလာဝံ့သော နေရာမှာ မတတ်သာ၍သာ လုပ်နေရတာ အောင်ကြီး ကျောတွေ ချမ်းနေမိသည်။တကယ်တော့ အောင်ကြီး ဒီကိစ္စကို လုပ်ချင်လွန်း၍ လာလုပ်သည်မဟုတ်။ကောက်ရိုးတမျှင်ကို ဖမ်းဆုပ်ကြည့်ခြင်းသာ ဖြစ်သည်။
အကြောင်းမှာ တနေ့ညက ပင်လှရွာဖဲဝိုင်းမှာ အောင်ကြီးအတော်အထိနာသွားသည်။ပါလာသည့်ငွေအပြင် မိသားစုရှိစုမဲ့စုခြံလေးကို လက်မှတ်ထိုးပေါင်ပြီး ဖဲကစားလိုက်ရာ တက်တက်ပြောင်ကုန်သွားသည်။သုံးရက်အတွင်းမှ ပြန်မရွေးနိုင်လျင် ခြံကို အဆုံးခံရမည် ဖြစ်သည်။သာမန် လူတန်းစားတွေမို့ ဒီခြံမှမရှိလျင် အောင်ကြီးတို့ မိသားစု ဘယ်မှာသွားနေရမည်နည်း။
အောင်ကြီး စိတ်ညစ်ညစ်နှင့် အိမ်လည်းမပြန်ဖြစ်ပဲ ကြံရာမရဖြစ်ကာ သူငယ်ချင်းများထံ လိုက်လံအကူအညီတောင်းကြည့်တော့လည်း တစ်ယောက်မှ အဆင်မပြေ။အောင်ကြီး အဖြစ်ကိုကြည့်ပြီး ဖဲရိုက်ဖော် ရိုက်ဖက် ဖိုးဒီးကတော့ အကြံတစ်ခုပေးလာသည်။
**အောင်ကြီး မင်းဘယ်လိုမှ အဆင်မပြေရင်
ငါပြောသလို လုပ်ကြည့်ပါလား...သရဲတစ္ဆေတွေကို အသားစိမ်းကျွေး အကူအညီတောင်းပြီး ဖဲရိုက်ရင်နိုင်တယ်တဲ့ကွ...ပေါက်တဲ့နဖူး မထူးမှတော့ စမ်းကြည့်ပါလား...***
နောက်ဆုံး အောင်ကြီးလည်း အကြံကုန် ဂဠုန်ဆားချက်သည့်အနေဖြင့် ဖိုးဒီးအကြံကို လက်ခံကာ ယခုလို ပြုလုပ်နေခြင်းဖြစ်သည်။
အဖော်မပါပဲ တစ်ယောက်တည်းလုပ်ရသည်လည်းဖြစ်၊ တစ်ခါမှလည်းမလုပ်ဖူးသည်မို့ ဗရုတ်သုက္ခ နိုင် လွန်းလှသည်။
**လာကြလေ...လာစားကြ...ပြီးရင် အရိပ်အယောင်လေးလြဲပကြဦး**
ထူးခြားမှု မရှိ၍ အောင်ကြီး ထပ်ခေါ်ကြည့်ခြင်းဖြစ်သည်။အတန်ကြာသည့် အထိလှုပ်ရှားမှုမရှိ...။
အောင်ကြီး စိတ်ပျက်သွားကာ ဖိုးဒီးပြောတာ မဖြစ်နိုင်ဘူးနဲ့ တူပါတယ် သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးထင်တယ် ဟု တွေး၍ အကြံကို လက်လျော့ဖို့ ဆုံးဖြတ်လိုက်သည်။ထိုစဉ်မှာပဲ လေတစ်ချက်အဝှေ့မှာ စူးရှပုပ်အဲ့သော အနံ့ကြီးတချက်ကို
အောင်ကြီးရလိုက်လေသည်...။
**ဝေါ့...ထွီ...နံတာ...ဘာနံ့ကြီးလဲမသိဘူး..
**
အနံ့ဆိုးကြီးကြောင့် အောင်ကြီး အော့အန်နေစဉ်မှာပင် လက်ကြီးတဖက်က အောင်ကြီးရှေ့ရှိ အမဲသားစိမ်းများကို ကြုံးယူသွားသည်ကို တွေ့လိုက်ရပြီး
**မင်း..ကျွေး..တာ..နည်း..တယ်... ငါ..မဝဘူး**
ဟူသော အသံသြသြကြီးကို ကြားလိုက်ရလေသည်။
ကျောချမ်းဖွယ်ရာ အသံကြီးလာရာ ကုက္ကိုပင်ကြီးကို မော့ကြည့်လိုက်သည့်အခါ ပေ ၂၀ခန့်အမြင့်
အပင်ခွကြားတွင် ခြေတွဲချထိုင်နေသည့် ပုပ်အရွယ်အစားရှိ ခန္ဓာကိုယ်ကြီးနှင့် အမဲသားများကို ပါးစပ်ထဲထည့်ဝါးကာ အောင်ကြီးကို နီရဲသော မျက်လုံးများနင့် ကြည့်နေသော အကောင်ကြီးကိုတွေ့လိုက်ရလေသည်။ လူအများပြောနေကြသော တစ္ဆေ၊ သရဲ ၊ သဘက် ဆိုသော အရာထဲမှ တစ်ခုခုပင် ဖြစ်ရမည်ဟု အောင်ကြီး တွေးမိသည်။ ဘာကောင်လဲ ဟူ၍တော့ အောင်ကြီး မမေးရဲ။
အောင်ကြီးမှာ တကိုယ်လုံး တုန်ယင်ကာ ထ၍ပြေးချင်လောက်အောင်ကြောက်ရွံ့မိသော်လည်း မထူးဇာတ်ခင်းနေရသည့် မိမိအဖြစ်ကို သတိရကာ ကြောက်ရွံ့စိတ်ကို ထိန်းချုပ်လိုက်ရင်း..
**ကျုပ်...ကျုပ်...ပိုက်ဆံရရင်...အသားတွေ...လာ..လာထပ်ကျွေး..ပ့ါ...မယ်...**
အောင်ကြီး အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောလိုက်သည်။
**အေး... ငါ့ကို အသားလာကျွေးတဲ့ အတွက်...မင်းကိုငါ ကူညီလိုက်မယ်...အခု မင်းထွန်းထားတဲ့ ဖယောင်းတိုင်ကို မီးငြိမ်းပြီး ယူသွား.. အိတ်ထောင်ထဲထည့်ပြီး ဖဲရိုက်...မင်းနိုင်လိမ့်မယ်...ပြီးရင် မနက်ဖြန်ည ဒီအချိန် အသားများများယူပြီး ငါ့ကိုလာကျွေး...**
ဖြည်းဖြည်းနှင့် လေးလေး ပြောနေသော တစ္ဆေကြီး၏ စကားကို အောင်ကြီး မလွန်ဆန်နိုင်။ ခေါင်းတွေ တွင်တွင်ငြိမ့်၍ နာခံနေမိသည်။
**စိတ်..ချ...ကျုပ်နိုင်တယ်ဆိုတာနဲ့ ခင်ဗျားအတွက် အမဲသား ၅ပိသာ လာကျွေးမယ်ဗျာ...**
**မင်းကတိ မင်းတည်ပါ...မတည်ရင်တော့ မင်းဆီမှာ အသားစိမ်း အစား ငါ လူသား လာတောင်းမယ်...**
**ကတိပေးတယ်ဗျာ ကျုပ်လာမကျွေးရင် ခင်ဗျားကြိုက်သလိုလုပ်...**
အောင်ကြီးမှာ လောဘဇောတက်နေသဖြင့် ဘာမှစဉ်းစားဆင်ခြင်မနေပဲ ကတိစကား တစ်ခွန်းကို အလျင်စလို ပေးလိုက် လေသည်။
အောင်ကြီးဆီက ကတိစကားရသည်နှင့် ကုက္ကိုပင် ပေါ်မှ အကောင်ကြီးမှာ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
ထိုအခါမှ အောင်ကြီးလည်း ဝမ်းသာအားရနှင့် ဖယောင်းတိုင်မီးလေးကိုငြိမ်းကာ အိတ်ထောင်ထဲကောက်ထည့်ပြီး ပင်လှရွာသို့ သုတ်ခြေတင်တော့လေသည်။
ပင်လှရွာမှာ သူငယ်ချင်း ဖိုးဒီးနှင့် ဖဲဝိုင်းကြီးက မိမိကို စောင့်မျှော်နေသည် မဟုတ်ပါလား...။
**အောင်ကြီး...ဘယ်လိုလဲ အဆင်ပြေလား...**
**မေးမနေနဲ့...လာ..ဝိုင်းစနေပြီလား...**
အလောတကြီးမေးနေသည့် ဖိုးဒီး စကားကို ပြန်မဖြေနိုင် ။ဖိုးဒီး ချေးပေးထားသော ငွေကို ဆွဲယူလိုက်ပြီး
**ငါ တစ်အိမ်ဝင်မယ်..ဟေ့..**
ဖဲဝိုင်းမှာ အောင်ကြီး၏ အသံက လွှမ်းမိုးသွားသည်။
တစ္ဆေပေးသော ဖဲနိုင်အဆောင် အစွမ်းကို စမ်းသပ်ရမည့် အချိန်ရောက်ပြီ မဟုတ်ပါလား...။
-----------------------------------------------
**ဝါး...ဝါး......ဝါး..အမေ့...အမေ့**
**လူကလေးရဲ့ အိပ်ပါကွယ်...အို...အို... အေ.. လူကလေးရဲ့... အိပ်ချိန်တန်... ဗျိုင်းရှေ့ကပျံ... ပျံလေသည့်...ကိုရွှေဗျိုင်း...ညွှတ်တွေကဝိုင်း....အို..အေ...အေ...**
အိပ်ချင်နေ၍ ဂျီကျနေသည့် သားလေးကို မကြည်ပြာ ရင်ခွင်ထဲထည့်ကာ တင်ပါးလေးအား လက်နှင့်ပုတ်လျက် သီချင်း ဆိုသိပ်နေခြင်းဖြစ်သည်။ခဏနေတော့ ငြိမ်သွား၍ ကြည့်လိုက်တော့ ကလေးက အိပ်ပျော်နေပြီ ဖြစ်သဖြင့် ရင်ခွင်ထဲမှ အသာ,မ ကာ နေရာတကျ သိပ်လိုက်သည်။ထို့နောက် မီးခွက်အလင်းရောင်လေးရှေ့တွင် ငုပ်တုပ်ထိုင်၍ မိမိတို့၏ ဘဝကိုပြန်တွေးရင်း မကြည်ပြာ စိတ်က ယောက်ျားဖြစ်သူ ကိုအောင်ကြီးထံ ရောက်သွားရသည်။
ကိုအောင်ကြီးတစ်ယောက် ပင်လှရွာမှာ ဝိုင်းကောင်းတယ်ဆိုပြီး ဖိုးဒီနှင့် ထွက်သွားတာ အိမ်ပြန်မလာသည်မှာ တပတ်ခန့်ရှိနေပြီ ဖြစ်သဖြင့် မကြည်ပြာ စိတ်ပူနေရသည်။ကလေးငယ်လေးနဲ့မို့ လိုက်လည်း မသွားနိုင်။သတင်းတော့ ကြားနေရသည်။ပင်လှရွာ ဖဲဝိုင်းမှာ အောင်ကြီးကို တွေ့နေရသတဲ့...။
ကိုအောင်ကြီးက သားနဲ့မယားကို ချစ်ပေမယ့် လောင်းကစားတွေ့လျင်တော့ သားမေ့ မယားမေ့ အစားမေ့ဆိုတဲ့ အထဲက လူစားမျိုး။စပါးရိတ်သိမ်းချိန်မို့ လင်မယားနှစ်ယောက် စပါးအငှါးရိတ်လေးလိုက်ပြီး ပိုက်ဆံလေးစုရမလားမှတ်တယ်...။ရှိစုမဲ့စု ပိုက်ဆံလေးပါယူပြီး ပင်လှရွာကို သွားလိုက်တာ ပြန်ကိုပေါ်မလာ။သားနဲ့ မယား ဘာတွေနဲ့ စားနေလည်းတောင် လာမကြည့်။
မကြည်ပြာမှာ နေ့ဘက်ဆို ကလေးကို ယောက္ခမအိမ်အပ်ပြီး တစ်ယောက်တည်း စပါးအငှါးရိတ် လိုက်ကာ နေ့စားခလေးနှင့် စားနေရသည်။ယောက္ခမတွေကလည်း မြေးကိုလည်းချစ် ၊သားဖြစ်သူ အကြောင်းကိုလည်း သိနေကြသည်မို့ ဘာမှ ထူးထူးထွေထွေမပြောပဲ ကလေးကို ဝိုင်းထိန်းပေးနေကြလို့ တော်သေးသည်။
မကြည်ပြာကလည်း ကိုယ်ချစ်လို့ ယူထားတဲ့ ယောက်ျားမို့ သိပ်လည်းမပြောချင်။ပြောလည်း ကိုအောင်ကြီးက မကြည်ပြာပြောသမျှ ခေါင်းငုံ့ခံသည်။သူများယောက်ျားတွေလို မူးရူးလာလို့ အပြစ်တင် ဆူပူကြိမ်းမောင်းတာမရှိ ။သားမယားကို ချစ်တာတော့ အမှန်။နောက်ပြီး ကိုအောင်ကြီးက အပေါင်းအသင်းဆံ့ကာ စပါးပေါ်ချိန် စပါးပွဲစား၊နွားပွဲစား၊ တခါတရံ မြို့တက်ပြီး ကားပွဲစား ယောင်ယောင်လေးက လုပ်တတ်သေးသည်မို့ ငွေရှာပြီဆိုလျင်လည်း
လက်ဖျား ငွေသီးလာတတ်သည်။
ပိုက်ဆံလေး လက်ထဲရှိလျင် အောင်ကြီးက မိန်းမနှင့် သားအတွက် ဘယ်တော့မှ မမေ့...။
**ကြည်ပြာရေ..ရော့ဒီမှာ...ကြည်ပြာ့အတွက် မြို့ဈေးမှာ အကွက်ဆန်းလေးတွေ ရောက်တယ်လို့ ပြောလို့ ပါတိတ်တွေ ဝယ်လာတယ်...**
အဲ့လိုလဲ မယားအတွက် မရှက်မကြောက် ဝယ်ပေးတတ်သူ..
**ဒါက သားလေးအတွက် မုန့်ဘူးနဲ့ ကစားစရာတွေ..**
သားအတွက်လဲ ကျန်နေခဲ့တာ မရှိ..။
ထိုသို့ သားနှင့်မယားကို အလိုက်သိတတ်တာကြောင့်လည်း မကြည်ပြာက ကိုအောင်ကြီး၏ အပြစ်တွေကို သိပ်မပြောတာလည်းပါသည်။ မိန်းမဆိုတာကလည်း အချော့မကြိုက် ငွေမကြိုက်တဲ့ သူ ရှိပါ့မလား။ ခက်တာက ကိုအောင်ကြီးက ရှာပြီးရင်လဲ မကြည်ပြာကို စိတ်ကြိုက်သုံးခွင့်ပေးသလို သူကိုယ်တိုင်ကလည်း လောင်းကစားဝိုင်းမှာ ဖြုန်းပစ်တာ...။
အဲ့ဒါကြောင့် မကြည်ပြာတို့ လင်မယားလက်မှာ ငွေကကြာကြာမနေ။
ရှာကုန်ဖြစ်နေတာ။အခုပဲ ကြည့်လေ။ ရှိတဲ့ငွေ အကုန် ကိုအောင်ကြီး ယူထွက်သွားလို့ မကြည်ပြာမှာ အချေးအငှါးလည်း မလုပ်ချင် ၊ရှိတဲ့ ဆွဲကြိုးလေးနဲ့ နားကပ်လေးလည်း ပဲ့သွားမှာ စိုးသဖြင့် နေ့စား စပါးအငှါးရိတ်လိုက်ပြီး ပိုက်ဆံရှာ၍ စားနေရသည်။
ဒီပုံစံ အတိုင်း ကိုအောင်ကြီးသာ ရက်အကြာကြီး ပြန်မလာဘူးဆို ဘယ်လိုရှေ့ဆက်ရမလဲ မသိ။မကြည်ပြာ သက်ပျင်းမောကြီးကို ဟင်းခနဲ့ နေအောင် ချလိုက်ရင်း နံနက်အလုပ်သွားရမည်ကို တွေးမိကာ စောစောအိပ်ရန် မီးခွက်ကို ငြှိမ်းကာ အိပ်ယာဝင်ခဲ့လိုက်လေတော့သည်။
**အောင်ကြီး...အောင်ကြီး..**
အိမ်ရှေ့ခြံဝမှ ခေါ်သံကြောင့် မကြည်ပြာဖျက်ခနဲ့ လန့်နိုးသွားရသည်။အိပ်ယာမှ လူးလဲထ၍ ကြယ်ရောင် မှိန်မှိန်အောက်က ခြံဝကို လှမ်းကြည့်လိုက်တော့ မည်းမည်း မည်းမည်းနှင့် လူတစ်ယောက်ကိုတွေ့ရသည်။
**အောင်ကြီး... အောင်ကြီး...**
**ဘယ်သူလဲ... ကိုအောင်ကြီး... မရှိဘူး... သူ့မိန်းမပဲ ရှိတယ်...ဘာကိစ္စရှိလို့လဲ**
မကြည်ပြာ လှမ်းမေးလိုက်တော့ ခေါ်သံတိတ်သွားကာ ဘာမှပြန်မပြောဘဲ ထိုလူရိပ်မှာ ခြံဝမှ ပျောက်ကွယ်သွားသည်။အမှောင်ထဲ ဝင်သွားတာ ဖြစ်မှာပါ ဟုတွေးကာ
မကြည်ပြာ ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ အိပ်ယာထဲ ပြန်လှဲအိပ်လိုက်လေသည်။
**ရှပ်..ရှပ်...ရှပ်..**
မကြည်ပြာနားထဲမှာ လှမ်းလျှောက်သံကြားနေသည်။ခြေသံက မိမိတို့ ခြံထဲမှာ လျှောက်နေသံ...။ ခြေရင်းဘက်က ကြားလိုက် ခေါင်းရင်းဘက်က ကြားလိုက် နီးသွားလိုက် ဝေးသွားလိုက်နှင့် ဖြစ်နေသည်။အစောက ကိုအောင်ကြီး နာမည်ခေါ်တဲ့ လူပဲလား...။မကြည်ပြာ စိုးရိမ်ပူပန်သွားရသည်။တခုခုဆို အိမ်မှာ အားကိုးစရာ မိမိယောက်ျား ကိုအောင်ကြီး မရှိဘူး မဟုတ်လား။
**ကြည်ပြာရေ...ကြည်ပြာ...**
ထိုစဉ်မှာပဲ အိမ်ရှေ့က ခေါ်သံကြားလိုက်သဖြင့် မကြည်ပြာ ဝမ်းသာသွားသည်။အသံက ကိုအောင်ကြီး အသံ..။
**ရှင်..ကိုအောင်ကြီး...ဝင်လာလေ..**
အိပ်နေရာမှ ထထိုင်လိုက်ရင်း ထူးလိုက်သည်။
ခဏကြာသည် အထိ ကိုအောင်ကြီး တက်မလာသဖြင့် ဘာလုပ်နေလဲ မသိဘူး ကြာလိုက်တာဟု ပါးစပ်ကပြော၍ ပွလန်ကျဲနေသည့် ဆံပင်ကိုတောင် မသိမ်းနိုင်ပဲ မကြည်ပြာ အိမ်ပေါ်မှ ဆင်းသွားလိုက်သည်။
အိမ်အပြင်ရောက်၍ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ကိုအောင်ကြီးကိုရှာတော့ အရိပ်အယောင်တောင် မတွေ့ရ... ။
**ကိုအောင်ကြီး...ရှင်ဘယ်မှာလဲ..မစနဲ့နော်...ညကြီးမိုးချုပ်...**
တုန့်ပြန်သံမကြား။ငါပဲ အမျှော်လွန်ပြီး စိတ်ထင်နေတာများလား ဟု မကြည်ပြာ တွေးလိုက်မိသည်...။ကိုအောင်ကြီးများ တခုခုဖြစ်လို့လား၊ မကြည်ပြာစိတ်ထဲ ထင့်သွားသည်။ဒီကြားထဲ ဘေးအိမ်မှ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြောင့် မကြည်ပြာကျောထဲ စိမ့်တက်သွားရသည်။ ထိုစဉ်အေးစိမ့်သော လေတစ်ချက်ကျောဘက်မှ တိုက်လာသလို ခံစားရပြီး ပုပ်အဲ့အဲ့ အနံ့ကြီး ကိုပါ မကြည်ပြာ ရလိုက်သဖြင့် ကြက်သီးများထလာရသည်။
မကြည်ပြာ အိမ်အပြင်တွင်မနေရဲတော့ပေ။ အိမ်ပေါ်ပြန်တက်မည်ဟု ဆုံးဖြတ်လိုက်ပြီး နောက်ဘက်သို့ လှည့်လိုက်စဉ် မိမိနောက်ကျောတွင် ဘယ်အချိန်ကတည်းက ရပ်နေမှန်း မသိသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုလူ၏ မျက်လုံးများမှာ ညအချိန်တွင် သွေးနီရောင်သမ်းသည့် အရောင်များထွက်နေပြီး မကြည်ပြာအား စူးစိုက်ကြည့်နေလေသည်။မျက်နှာကိုတော့ ကောင်းစွာ မမြင်ရပေ။
မကြည်ပြာမှာ ကြောက်လန့်စိတ်ဖြင့် ဆွံ့အပြီး အော်ရန်ပင် သတိမရတော့ပဲ ထိုလူအား ကြောင်ငေး၍သာ ကြည့်နေမိလေသည်။ထိုစဉ် ထိုလူက လက်နှစ်ဖက်ဆန့်တန်း၍ ပြေးဝင်လာရာ မကြည်ပြာမှာ ရှောင်ရန်ပင် သတိမရတော့ပဲ ထိုလူ၏ ခန္ဓာကိုယ်က မိမိ ခန္ဓာကိုယ်ပေါ်ခုန်အုပ်လိုက်သလိုလို၊ မိမိခန္ဓာကိုယ်ကိုပဲ ဖောက်ထွက်သွားသလိုလို ခံစားလိုက်ရပြီး မကြည်ပြာ၏ အသိစိတ်တို့မှာ အမှောင်ထုအတွင်း တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။
--------------------------------------------
**အရက်ကိုကြိုက်လို့ သောက်တဲ့သူဟေ့.. ပိုက်ဆံရှိလို့ သောက်တဲ့သူ..ဟေ့..အေ့..သောက်ပြစ်လိုက်မယ်...အရက်များ..များ...ဟေ့...ဝေါ့...**
**အရက်လောက်မှ သစ္စာမရှိတဲ့ သူ...အေ့..မင်းကို...ဘာပဲဖစ်ဖြစ်..အရက်ကိုပဲ ချစ်တယ်...အေ့...**
အရက်လေးတထွေထွေ ပါးစပ်ထဲ တည့်ရာ သီချင်းလေးတစ်အေးအေး၊ခြေလှမ်းလေး ဒယီးဒယိုင်နှင့် အောင်ကြီး၏ အိမ်အပြန်လမ်းက သာယာနေလေသည်။
သာယာဆို မနေ့ညက ပင်လှရွာဖဲဝိုင်းမှာ အောင်ကြီး ဝိုင်းလုံးကျွတ် သိမ်းခဲ့သည်အထိ နိုင်ခဲ့သည်မဟုတ်ပါလား...။အကြွေးတွေလည်း ကျေခဲ့သည့်အပြင် ရှေ့မှာ ငွေပုံကြီး ဟီးထနေသဖြင့် အောင်ကြီးနှင့် ဖိုးဒီး ပျော်မဆုံး မော်မဆုံး။ ဖဲဝိဇ္ဇာတွေ ဆိုပြီး မြို့ကနေဆင်းပြီး လာရိုက်တဲ့ ကောင်တွေတောင် တက်တက်ပြောင်ခဲ့ရသဖြင့် အားလုံးက သြချယူခဲ့ရသည်။
အောင်ကြီးတစ်ယောက် နောက်နေ့ကျလည်း ရွာမပြန်ပဲ ဖိုးဒီးနှင့်အတူ ပင်လှရွာမှာပဲ သောက်စားပျော်ပါးနေခဲ့သည်။ဖိုးဒီးမေး၍ အဆောင်အကြောင်းကိုတောင် တီးတိုးလေးပြောပြလိုက်သေးသည်။ ညရောက်တော့ ပင်လှရွာမှာပဲ ဖဲဝိုင်းထပ်ဆက်ကြပြန်သည်။ဒီနေ့လည်း ည၉နာရီထိ အောင်ကြီး ပွဲတိုင်းကျော်နေသေးသည်။၉နာရီ ကျော်လာတော့ ထူးဆန်းစွာ အောင်ကြီး ဖဲကျလာသည်။ ချက်တိုင်းလျော်နေရသဖြင့် တဖြည်းဖြည်း အောင်ကြီး နိုင်ထားသမျှ တော်တော်လေးပြန်ကုန် သွားသည်။
ဘာများဖြစ်လို့ပါလိမ့်။
**အောင်ကြီး...မင်းဟာက ဟုတ်သေးရဲ့လား ပွဲတိုင်း ထိနေတယ်**
ဖိုးဒီးသတိပေးစကားပြောတော့မှ ဇောကပ်နေသော အောင်ကြီး သတိဝင်လာကာ
တစုံတခုကို စဉ်းစားမိပြီး ထိတ်လန့် တကြား ဖြစ်သွားလေသည်။ ဟာ...သွားပြီ...။ဒီနေ့ည ၉ နာရီ ဇလပ်ပြင်သင်္ချိုင်းနားက ကုက္ကိုပင်ကြီးမှာ အသားစိမ်းသွားကျွေးရမည် မဟုတ်ပါလား...။အပျော်လွန် မူးရူးပြီး မေ့လျောနေခဲ့တာ။ကိုယ့်နဖူး ကိုယ်ပြန်ရိုက်မိရင်း အောင်ကြီး ကြံရာမရ ဖြစ်သွားရသည်။ဒီအချိန်မှတော့ ဘယ်မှာမှလည်း အသား ဝယ်မရနိုင်တော့... ။
နောက်နေ့ညမှ အသားများများပိုဝယ်၍ သွားကျွေးပြီး တောင်းပန်ရတော့မှာပဲဟု အောင်ကြီး ဆုံးဖြတ်လိုက်ရသည်။ဖဲလည်း ဆက်မရိုက်တော့ပဲ အလုပ်ကိစ္စရှိသည်ဟု ရိုက်ဖော်ရိုက်ဖက်များကို တောင်းပန်ပြီး ဝိုင်းကထွက်လိုက်ရသည်။ ဆက်ရိုက်နေလျင်လည်း ကုန်မှာ အောင်ကြီး သိသည်။တစ္ဆေအဆောင်က အစွမ်း မရှိတော့ပြီ မဟုတ်ပါလား...။
ထို့ကြောင့် အနိုင်ရထားသည့် ကျန်ငွေထုပ်ကို ယူပြီး ဖိုးဒီးကို မစောင့်နိုင်တော့ပဲ လက်ကျန်အရက်ပုလင်းလေးမော့ သီချင်းလေး ညည်းညည်းနှင့် အိမ်ပြန်လာခဲ့ခြင်းဖြစ်သည်။
ခြံထဲရောက်လာ၍ မိမိအိမ်အခြေအနေ လှမ်းအကဲ ခတ်လိုက်တော့ မှောင်မဲနေသည် ကို တွေ့ရလေသည်။မိန်းမ မကြည်ပြာနဲ့ သားလေးတော့ အိပ်နေပြီ ထင်သည်။တပတ်လောက် အိမ်ပြန်မလာသည့် ငါ့ကို စိတ်ဆိုးနေရင်လည်း စိတ်ဆိုးနေလောက်သည်။မနက်မှ ငွေထုပ်ပြပြီးချော့လိုက်မည် ဟုတွေး၍ အောင်ကြီး ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိလိုက်သည်။
ခြံထဲရောက်လာပြီး အိမ်ပေါ်တက်ရန် ခြေလှမ်းပြင်လိုက်စဉ် အောင်ကြီး နောက်ကျောဘက်မှ စိမ့်ခနဲ့ဖြစ်ကာ အကြောင်းမဲ့ ကြက်သီးတွေ ဖြန်းခနဲ့ ထသွားသည်ကို သတိထားမိလေသည်။။မိမိကို တစ်စုံတစ်ယောက်က ကြည့်နေသလိုလည်း ခံစားလိုက်ရသည်။
**အူး...ဝူး...ဝူး.....**
ထိုစဉ် ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံနှင့် အတူ ပုပ်အဲ့အဲ့အနံ့ကြီးတချက်ကို အောင်ကြီးရလိုက်ကာ
**အောင်...ကြီး...မင်း...ကတိ..မတည်.. ဘူး...ငါ..မင်းဆီမှာ...လူစား...လာယူတာ..**
အသံသြသြကြီးကြီးကို ကြားလိုက်ရလေလျင် အောင်ကြီး ကြောက်ကြောက်လန့်လန့်နှင့် အိမ်ပေါ် အမြန်လှမ်းတက်လိုက်မိရသည်။ဒီအသံကြီးကို အောင်ကြီး ကောင်းကောင်း မှတ်မိနေသည် ။ အပင်ကြီးက အကောင်ကြီး၏ အသံကို အရိုးစွဲအောင် အောင်ကြီး မှတ်မိနေသည်။
အိမ်ပေါ်မှာလည်း မှာလည်း ဘာနံ့တွေမှန်း မသိ။ညှီစို့စို့ အနံ့တွေ ရနေသည်။အောင်ကြီး တုန်တုန်ယင်ယင်နှင့် မိန်းမ မကြည်ပြာ ထားနေကျနေရာက မီးခြစ်ကို စမ်းကာ မီးခွက်ထွန်းလိုက်သည်။
**အူး...ဝူး...ဝူး...**
အူပြန်ပြီ ဒီခွေး။လန့်နေပါတယ်ဆိုကာမှ..။လက်ထဲက ပိုက်ဆံထုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အကြောက်ပြေအောင် မိန်းမကို နှိုးမည်ဟု အိပ်ယာထဲ လှမ်းကြည့်လိုက်သော အခါ
**ဟာ...**
မိမိတို့ လင်မယား အိပ်ယာပေါ်မှာ ဆံပင်ဖားလျား စုတ်ဖွားဖွားနှင့် မျက်နှာ တပြင်လုံး သွေးတွေ လူးနေသော လူလိုလို တစ္ဆေလိုလို အကောင်။လက်ထဲမှာလည်း သွေးသံရဲရဲနှင့် ဘာတွေကိုင်ထားမှန်း မသိ အောင်ကြီးကို နီရဲပြောင်လက်နေသော မျက်လုံးကြီးများနှင့် လှည့်ကြည့်နေသည်။သားနှင့် မယားအတွက် စိတ်ပူသွားပြီး အနားပြေးသွားကြည့်လိုက်သော အခါ ထိတ်လန့်ဖွယ်မြင်ကွင်းကို တွေ့မြင်လိုက်ရပြီး အောင်ကြီး သွေးပျက်သွားလေသည်။
**အောင်းမလေး...ဘာတွေလဲ...**
မိမိ၏ တစ်နှစ်အရွယ် လူမမည်သားလေးမှာ ဗိုက်ဟောင်းလောင်းပွင့်လျက်။အူတွေ အသည်းတွေ ပွင့်ထွက်ကာ ရက်ရက်စက်စက် ဓားနှင့် လှီးဖြတ်ခံထားရသည်။အိမ်နံရံမှာ ထိုးထားသော ငှက်ကြီးတောင်ဓားက မိမိကလေး အလောင်းနားမှာ ရှိနေသည်။အစောက တစ္ဆေလိုအကောင် လက်ထဲမှ သွေးသံရဲရဲနှင့်အရာမှာ မိမိကလေး၏ အူတွေအသားတွေ ဖြစ်ကြောင်း အောင်ကြီး သိလိုက်ရသည်။
*** မင်း...မင်း...ဘယ်သူလဲ...ငါ့သားကို ဘာလို့...လုပ်တာ..လဲ...***
အောင်ကြီး၏ ဒေါသနှင့် ကြောက်စိတ် ရောထွေးနေသည့် တုန်ယင်ယင် အမေးကို တစ္ဆေလိုလိုအကောင်က တဟားဟားရယ်မောလျက်
**မင်းကို..ငါ..ပြောခဲ့..သားပဲ...အသားလာ မကျွေးရင်.. လူသား. လာယူမယ်လို့...ဟား.... အီး..ဟီး..ဟီး..**
သွားဖြီးပြကာ အေးစက်စက် ပြောလိုက်သော တစ္ဆေကောင်၏ အသံက အောင်ကြီးကျောထဲစိမ့်သွားလေသည်။
**ငါ့..မိန်း..မ...ကော... **
တစ္ဆေကောင်က မဖြေ။အေးစိမ့်စိမ့်အသံ ကြီးနှင့် ရယ်မောကာ အောင်ကြီးကို မထီသလို ကြည့်နေလေသည်။
**အီး..ဟီး..ဟီး...ဟား..ဟား..**
တစ္ဆေကောင်၏ ရီသံကာ အောင်ကြီးနားထဲ သံရေပူ လောင်းထည့်လိုက်သလို ပူလောင်ခါးသက် လွန်းလှသည်။
အား.....။
ငါ့မိန်းမကော သေပြီလား...။အောင်ကြီး တစ်ကိုယ်လုံး ထူပူကုန်သည်။
**တွေ့ကြသေးတာပေါ့...ကဲကွာ...**
သားဇော မယားဇောနှင့် အောင်ကြီး၏ ကြောက်စိတ်မှာ ဒေါသစိတ်အဖြစ်သို့ ပြောင်းလဲသွားပြီး ကလေးအလောင်း အနီးမှ ဓားကို ဆွဲယူကာ တစ္ဆေကောင်၏ လည်ပင်းအား ပိုင်းချ လိုက်လေတော့ သည်။
**အားးးးးးးးးးး........**
စူးရှသော အသံနက်ကြီးက ညဥ့်ယံကို ထိုးဖောက်သွားလေတော့သည်။
နံနက်မိုးလင်း၍ ယာထဲဆင်းရန် မကြည်ပြာကို လာခေါ်သော အလုပ်သမားများမှာ ခေါင်းပြတ်ရန် တဲတဲလေးသာ လိုတော့သော မိန်းမဖြစ်သူ မကြည်ပြာအလောင်းနှင့် အူများပွင့်ထွက်၍ သေဆုံးနေသော သားဖြစ်သူ အလောင်းနားတွင် ဓား တစ်လက်ကိုင်ကာ ငူငူကြီးထိုင်နေသည့် အောင်ကြီးကို တွေ့လိုက်ကြရလေတော့သည်။
အောင်ကြီးမှာ သားနှင့် မယားအား ရက်ရက်စက်စက်သတ်ြဖတ်မှုနှင့် ထောင်ကျသွားခဲ့လေသည်။ ရွားသားများကတော့ အောင်ကြီးတစ်ယောက် အရက်ကြောင် ကြောင်ပြီး သားနှင့် မယားကို သတ်သည်ဟု ဝေဖန်ပြောဆိုကြသည်။အောင်ကြီး၏ အဖြစ်မှန်ကိုတော့ လည်ပင်းဖက် ပေါင်းနေသည့် ဖိုးဒီး တောင် မသိခဲ့ပါ။
လောဘဇောတစ်ခုတည်းနှင် လွယ်လွယ်ပေးခဲ့သော ကတိတစ်လုံးသည်
မိသားစု အသိုက်အမြုံတစ်ခုကို ပျက်စီးဆုံးရှုံး စေခဲ့ပြီ။
လူ၏ခန္ဓာကိုယ်၌ ဝင်ပူးကပ်ပြီး လူသားကို စားရန်ကြံစည်ခဲ့သော နာနာဘာဝကလည်း မည်သည့် နာနာဘာဝ အမျိုးအစားပါနည်း...။
အဖြေကိုကား အောင်ကြီး ယနေ့အထိ မသိခဲ့ပါ...။
------------------------------------------------
ပြီးပါပြီ။
စာရေးတတ်သောသူ မဟုတ်ပါ လိုအပ်ချက်များကို သည်းခံဖတ်ပေးပါရန်။
ဝါသနာရှင် စာရေးသူ - မောင်လယ်တော

Comments
Post a Comment