💫🌟 ခဏတာ အမှား 🌟💫
×××××××××××××××××
"" ...ဗျာ...ဟုတ်ကဲ့... ဟုတ်.... မေမေ...""
"" ...-----------------------------------------...""
"".... အခု သူငယ်ချင်းတွေဆီ ရောက်နေတာ... ဟုတ်ကဲ့...ပါ... ဟုတ်မေမေ...စိတ်ချ...ဘိုင့်...""
ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်ပြီး ကျော်သက်က ဘာလဲ ဟု သဘောဖြင့် မေးဆတ်မေးနေကြသော သူငယ်ချင်းတွေကို မျက်လုံးမှိတ်ပြလိုက်သည်။
"" ... ဘာတဲ့လဲ... ဟျောင့်... ""
စိုင်းမင်းအောင်က မနေနိုင် ပါးစပ်က လှမ်းမေးသည်။
""... ငါ့ အမေတို့ ပဲခူးက ပြန်လာပြီတဲ့... အဲ့ဒါ အိမ်မှာပြန်စောင့်နေ ဘာညာပေါ့ကွာ... သိတယ်မဟုတ်လား...""
""... ဟာ... ဒါဆို ငါတို့ ပျော်ပွဲလေးက ပြီးပြီပေါ့...""
""... အေးကွာ... ပျော်ကောင်းတုန်း ရှိသေးတယ်...""
စိတ်ပျက်လက်ပျက်ပုံစံ ဖြစ်သွားသော သူငယ်ချင်းများ ဖြစ်ကြသည့် ဘုန်းလတ်၊ ဝဏ္ဏနိုင်၊ စိုင်းမင်းအောင် တို့ကိုကြည့်၍ ကျော်သက်ကို ပြုံးမိသည်။
"" ... မင်းတို့ကလဲကွာ... ၂နာရီ ရောက် အချိန်ရပါသေးတယ်ကွာ... အားရပါးရ ကြဲကတာပေါ့... ကြိုက်တာ စားကြ... ""
"" ... ဟေး...ဝိုး...ဝိုး... ဒါမှ ငါတို့ သူငယ်ချင်းကွ.... ဟျောင့်တွေ ဘီယာဗူးဖာ ၂ ဖာ လောက်ဝယ်ပြီး ဆိုင်ကယ်ပေါ်တင်လိုက် ... မြို့ပြင် လစ်ကြမယ်... ""
"" ,..အေး... အဲ့ဒီအကြံကောင်းတယ်....""
ဘုန်းလတ် အကြံကို အားလုံးက သဘောတူလိုက်ကာ စားသောက်ဆိုင်မှာ လိုင်ချင်တာတွေ ဝယ်ယူ၍ ဆိုင်ရှေ့မှာ ရပ်ထားသော ဆိုင်ကယ်တွေပေါ် ကိုယ်စီ တက်လိုက်ကြသည်။
"" ... စိုင်းမင်းအောင်... မင်းနဲ့ ဘုန်းလတ်နဲ့ တစ်တွဲ... ငါနဲ့ ဝဏ္ဏနိုင်နဲ့ တစ်တွဲ မြို့ပြင်ကို ဘယ်သူ အရင်ရောက်ကွာ... ပြိုင်ချဲမယ်...""
"".., ကြိုက်တယ်ကွာ... စိန်လိုက်လေ... ရှုံးတဲ့အတွဲ... နောက်နေ့ကစပြီး တစ်ပတ်စာ နေ့စဉ် စားဝိုင်းရှင်းကြေး... ဘယ်လိုလဲ ရဲလား...""
"" ... ဟား..ဟား... ကြိုက်တယ်ကွာ... ဘယ်လိုလဲ ဝဏ္ဏနိုင်... သယ်ရင်း... ငါ့ကို ယုံတယ် မဟုတ်လား...""
"" ...ယုံတယ်.. သားကြီး....ချကွာ... ""
""... ဟေး... လစ်ပြီကွ... ချဟေ့...""
....ဝူး....ဝူး... ဘမ်း...ဘမ်း...ဝရမ်း...
ည၉နာရီ ကားသွားကားလာ ရှုပ်နေသေးချိန်မှာပင် လူလေးယောက် ဆိုင်ကယ် နှစ်စီးက မြို့ပြင် ထွက်ရာ လမ်းမကြီးအတိုင်း ဦးတည်၍ အရှိန်ဟုန်ပြင်းစွာ မောင်းနှင်ထွက်သွားကြသည်။
"".... ဘယ်လိုလဲ သားကြီး စိုင်းမင်းအောင်နဲ့ ဘုန်းလတ်... တပတ်စာ ရှင်းဖို့ ပြင်ထားတော့နော်... ဟဲဟဲ.."
ကျော်သက်ကိုတို့ သူငယ်ချင်းတစ်စု မြို့ပြင် အဝေးပြေးလမ်းမကြီးပေါ် ရောက်ရှိနေကြပြီး လမ်းဘေးမှာ ဆိုင်ကယ်ကိုယ်စီ ရပ်၍ ဘီယာ မော့နေကြပေပြီ။
"".... အေးပါကွာ... ဒီနေ့က မင်းမွေးနေ့ ဆိုတော့... ငါက အလျော့ပေးလိုက်တာပါ... ဟုတ်တယ် မို့လား ဘုန်းလတ်... ဟဲ..ဟဲ.."".
""... အေးလေကွာ... တော်ကြာ မွေးနေ့မှာ ရှုံးသွားတယ်ဆို စိတ်မကောင်း ဖြစ်မှာ စိုးလို့...အရှုးံပေးလိုက်တာ...ဘာပဲဖြစ်ဖြစ် ငါတို့ ရှင်းရမယ့် တစ်ပတ်စာဖိုး တန်အောင်တော့ ဒီည အမုန်းဆွဲပြီ...ဟဲ..ဟဲ...""
""... ငါကတော့ တစ်ပတ်စာလည်း ပိုက်ဆံမကုန်တော့ဘူး... ဒီညလည်း အလကား ဆိုတော့ကာ... စူဇကာပုဏ္ဍား လှူတာ အကုန်စားပြီဟေ့...""
"" ... အေး... စား...စား... တပိုးနင့် သေမယ့်ကောင်...""
"" ... ဟား...ဟား...ဟား..ဟား....ဟား...ဟား..""
ကျော်သက်ကိုတို့ သူငယ်ချင်းတစ်စု ယူလာသည့် ဘီယာများ ၊ စားသောက်ဖွယ်ရာများနှင့် သောက်လိုက်စားလိုက် ပြောလိုက် ရယ်မောလိုက် သီချင်းဆိုကြ ကကြနှင့် အဝေးပြေးလမ်းမကြီးဘေးမှာ ဆူညံနေကြသည်။
"" ... ဟျောင့်တွေ... ပျင်းလာပြီကွာ... game လေး တစ်ခု ထပ်ကစားကြမယ်...""
စိုင်းမင်းအောင်က စတင်ပြီး ဖောက်လိုက်သည်နှင့် ကျန်သူငယ်ချင်းများကလည်း ထောက်ခံကြတော့သည်။
"" ... ဘာgame ဆော့ဦးမလဲ... ပြောကြည့်လေ...""
""... အစောက ရှုံးတာ မကျေနပ်ဘူး ထင်တယ်...ဟဲ..ဟဲ...ထပ်စမ်းလေ...ကြိုက်တယ်...ဟဲ""
""... လုပ်လိုက်လေ... ကြာသလားလို့...""
ဒီလိုပါပဲ။ ကျော်သက်ကိုတို့ သူငယ်ချင်းတစ်စုက တစ်ယောက်က စလိုက်ပြီဆိုတာနှင့် ကျန်လူတွေက ဘွာမခတ်ကြ။ တက်ညီလက်ညီ ရှိကြသည့် ငယ်သူငယ်ချင်းတွေ။
""... အဲ့ဒါဆိုရင်...ဒီ လမ်းပေါ်က ဖြတ်သွားတဲ့ ကားတွေကို... ရပ်အောင်တားကြရမယ်... ကားမရွေးရဘူး ကိုယ့်အလှည့် စတွေ့တဲ့ကား ရပ်အောင် တားရမယ်... ရပ်အောင်တားနိုင်သူကို... ကျန်လူတွေက ကျောင်းတက်တဲ့နေ့က စပြီး တစ်လ လုံးလုံး ဆရာကြီး ပုံစံ ဝန်းရံပေးရမယ်... ဘယ်လိုလဲ... လောင်းကြေး ကြိုက်ကြလား...""
"",. ကြိုက်တယ်ကွာ... တပည့်တွေတော့ ရဦးမယ်...ဟဲဟဲ...""
"" ...ငါက game စသူဆိုတော့ ငါပဲ အရင်စမယ်... အိုကေ...""
"".., အိုကေ... ""
ကားလမ်းမပေါ် တက်၍ စိုင်းမင်းအောင် စောင့်နေလိုက်သည်။ ခဏနေတော့ ညအမှောင်အောက်မှာ အဝေးမှ ကားတစ်စီး မီးထိုး၍ မောင်းလာသည်ကို တွေ့လိုက်ရသည်။
စိုင်းမင်းအောင်က ခန္ဓာကိုယ်ပေါ်မှ အင်္ကျီကို ဆွဲချွတ် လိုက်ပြီး လက်ကကိုင်၍ အပေါ်အောက် လှုပ်ခါပြရင်း ကားကို တားလိုက်သည်။ ကားက ဒိုင်နါ ကားတစ်စီး ဖြစ်ပြီး မရပ်ပဲ အရှိန်ပြင်းစွာ ဖြတ်မောင်းသွားသည်။
"".,. ဟေး... ဟေး... ရှုံးပြီ... မရပ်ဘူး... နောက်တစ်ယောက်...""
"" .... ငါ တားမယ်...""
ဝဏ္ဏနိုင် လမ်းမပေါ် တက်သွားကာ မတ်တပ်ရပ်လျက် လက်နှစ်ဖက်ဘေးဆန့်ထုတ်၍ စောင့်နေသည်။ခဏအတွင်းပင် မြို့ထဲဘက်မှ ကားတစ်စီး လာနေသည်။
ကားလမ်းမ သုံးပုံ တစ်ပုံခန့် နေရာမှာ ပိတ်ရပ်ထားသော ဝဏ္ဏနိုင် အနားရောက်တော့ ကားက အရှိန်လျော့သွားသည်။
ဝဏ္ဏနိုင်က တွေ့လားဟုသော အောင်နိုင်တော့မည့် စစ်သူကြီး အပြုံးဖြင့် အားလုံးဖက်ကို လှည့်ပြုံး၍ မျက်နှာမော့ပြသည်။ သို့သော် ကားက ရပ်မသွားပဲ ဝဏ္ဏနိုင်ကို ပတ်ရှောင်၍ မောင်းသွားသည်။ မှန်လုံကားပေါ်မှ နေ၍ ဆဲဆိုသွားသော အသံတွေပါ ကြားလိုက်ရသည်။
"" ... ခွေးမသား... ငါ....မသား တွေ သေချင်ရင် ကိုယ့်ဘာသာ အဆိပ်သောက်သေကြပါလား... ကားသမားတွေကို အမှုရှာနေတယ်...""
"" ... ဟား...ဟား...ဟား... ဝိုး...ဝိုး...ဟီး..ဟီး...""
သူငယ်ချင်း အားလုံး လှောင်ပြောင် ရယ်မော လိုက်ကြသဖြင့် ဝဏ္ဏနိုင်ရှက်သွားသည်။
"".... ဝဏ္ဏကြီးတော့.... အဖေ ရှာတွေ့သွားပြီဟေ့... ဘယ်သူ အဖေရှာဦး မလဲ... ဟဲ..ဟဲ...""
စိုင်းမင်းကျော် ပြောလိုက်တော့ ကျော်သက်ကို ထိုင်၍ ဘီယာမော့နေရာမှ မတ်တပ်ထရပ်လိုက်သည်။
"" ... ငါ...လုပ်...မယ်... အေ့...တစ်ယောက်မှ အသုံးမကျဘူး... လူဆိုတာ ဦးနှောက်သုံးရတယ်... ဒါ့ကြောင့်... မင်းတို့ ငါ့ကို ခဏ ခဏ ရှုံးတာ..."'
ကျော်သက်ကိုက ကိုယ့်ခေါင်းကို လက်ညိုးထောက်ပြ၍ ပြောလိုက်ပြီး ဒယီး ဒယိုင်နှင့် ကားလမ်းမ ဘေးမှာ ရပ်နေလိုက်သည်။
အားလုံးမူးနေကြသည် မှန်သော်လည်း သော်လည်း ကျော်သက်ကိုက သိပ်သောက်ဖူးသည့် သူလည်းမဟုတ် နဂိုကတည်းကမှ သွေးအားနည်းသူမို့ အားလုံးထက် ပိုမူးနေသည်။
ထိုစဉ် အဝေးမှ ကားတစ်စီး အရှိန်နှင့် မောင်းလာသည်ကို တွေ့လိုက်ရသည်။
"" ... ကျော်သက်... ရရဲ့လား...ဟျောင့်... မူးရင်လဲ... အရှုံးပေးပြီး... လာထိုင်နေတော့... ""
"" ... အရှုံးပေးစရာလား... ငါ့ အစွမ်းကို မင်တို့ကြည့်ထား...ဟေ့ကား...ရပ်စမ်း...""
"" .... ပွမ်.. ပွမ်.. ကျွီးးးးးးး...ဝုန်း... ဒုန်း...ခလွမ်း....""
"".... ဟာ ... သွားကုန်ပြီ... မှောက်ပြီ.. ""
"" .... အောင်းမလေး... သေကုန်ပြီ... ""
ဟွန်းတီးသံ ၊ ဘရိတ်အုပ်သံ၊ ကား တစ်စီးလုံး လမ်းဘေးထိုးကျ၍ မှောက်သွားသံ၊ အလန့်တကြား အော်ဟစ်သံတွေ ဆူညံသွားသည်။
ဖြစ်ပုံမှာ အရှိန်ဖြင့် မောင်းလာသော ကားက အနီးအရောက် ကျော်သက်ကိုက ရုတ်တရက် ကားလမ်းမပေါ်တက်ကာ ပိတ်ရပ်ပြီး တားလိုက်စဉ် ကားမောင်းသူက ထိတ်လန့်တကြား ဟွန်းတီးကာ ဘရိတ်အုပ် ၍ လမ်းဘေးကွေ့ချလိုက်စဉ် အရှိန်မထိန်းနိုင်ပဲမှောက်သွားခြင်း ဖြစ်သည်။
ကားမီးတွေပါ ပိတ်သွားပြီး ညကလည်း မှောင်နေသဖြင့် ကားထဲက လူတွေ ဘာတွေ ဖြစ်သွား မှန်း မသိ။ အားလုံး ရုတ်တရက် ကြောင်အ သွားကြသည်။
"" ... ဟျောင့်တွေ... ဘယ်လို လုပ်ကြမလဲ... သေကုန်ပြီလား... မသိဘူး...""
ဘုန်းလတ် စကားသံ ကြားမှ အားလုံး သတိဝင်လာကြသည်။
"" .... ငါတို့ အပြစ်မကင်းဘူး... သေကုန်ရင် ထောင်ကြကုန်မယ်... ဘယ်ကားမှ မလာခင်... လစ်ကြစို့... ""
"" .... ဟုတ်... တယ်... တက်... တက်... လစ်မယ်... ""
အားလုံး ကတုန် ကယင် ထိတ်ထိတ်လန့်လန့်နှင့် ဆိုင်ကယ် တက်မောင်း၍ ကားမှောက်သည့်နေရာမှ ထွက်ပြေးလာခဲ့ ကြသည်။
ဘုန်းလတ်ကို အိမ်အရောက် ပို့ပေးခဲ့ပြီး ကျော်သက်ကို ဆိုင်ကယ်မောင်း၍ တစ်ယောက်ထဲ ပြန်လာခဲ့သည်။ဝဏ္ဏနိုင်ကိုတော့ စိုင်းမင်းအောင် လိုက်ပို့ ပေးလိမ့်မည်။ ကျော်သက်ကို မှာတော့ ခြံထဲ ရောက်သည့် အထိ အကြောက်မပြေသေး။ ကြောက်စိတ်ကြောင့် မူးနေတာတွေလည်း ဘယ်ရောက်ကုန်သည် မသိ။
မျက်လုံးထဲမှာ လမ်းဘေးထိုးကျ၍ မှောက်သွားသည့် ကားတစ်စီးကို မျက်လုံးထဲ မပီဝိုးတဝါး မြင်ယောင်ရင်း ဒူးတွေပါ တုန်မိသည်။
အိမ်ရှေ့မှာပင် ဆိုင်ကယ်ရပ်လိုက်ပြီး တံခါးသော့ဖွင့်၍ အိမ်ထဲ ဝင်လာခဲ့သည်။ အိမ်ကြီးမှာလည်း မှောင်မည်း၍ ယနေ့ညမှပို၍ပင် တိတ်ဆိတ်နေသလိုပင်။
အိမ်ထဲရောက်သည်နှင့် မီးဖွင့်ရန် အပေါက်ဝဘေးမှ မီးခလုတ်ကို စမ်းလိုက်စဉ် အေးစက်သော လက်ကြီးတစ်ဖက်ကို စမ်းမိလိုက်သဖြင့်
"" .... အောင်းမလေးဗျ...""
ကျော်သက်ကို၏ အလန့်တကြား အော် သံနှင့် အတူ
"" ..,ချပ်..."" ဟုသော အသံနှင့်အတူ တစ်ခန်းလုံး မီး လင်းထိန် သွားသည်။
"" ... ဟပ်ပီး...ဘတ်ခ်ဒေး... ဒူးယူ... ဟက်ပီး...ဘတ်ဒေး... ဒူးယူ... ဟက်ပီး...ဘတ်ဒေး.................. ""
လက်ခုပ်သံ များနှင့် အတူ မွေးနေ့သီချင်းဆိုသံများ ထွက်လာ၍ လိုက်ကြည့်တော့...
"" .... ဖေဖေ... မေမေ... ညီမလေး... ""
မီးဖွင့်လိုက်တာ ကျော်သက်ကို ၏ ဖခင်ဖြစ်သူ ဦးကျော်မင်း ဖြစ်သည်။ ကျော်သက်ကိုမှာ ရုတ်တရက် မွေးနေ့ ဆပ်ပရိုက် ကို မိသားစုထံမှ ရလိုက်သဖြင့် ထိတ်လန့်စိတ်တို့ ရုတ်ချည်းကွယ်ပျောက် သွားပြီး အပျော်စိတ်တွေ ဝင်လာသည်။
"" ... သားရေ... မင်းမေမေက သား မွေးနေ့ အမှီ လုပ်ပေးချင်တယ်ဆိုလို့ ကား အမြန်မောင်းပြီး ပြန်လာကြတာ...""
"" ... ကျေးဇူး တင်လိုက်တာ... ဖေဖေနဲ့... မေမေ... ""
မွေးနေ့ကိတ်လှီး၍ တစ်ယောက်နှင့် တစ်ယောက် ခွံ့ကြရင်း ၊ စကြ နောက်ကြ၊ ပြောကြရင်း ပျော်စရာ မိသားစုပွဲလေး ချက်ချင်း ဖြစ်သွားသည်။
"" .... သား... ဘီယာ သောက်ထားလား.. ဘီယာနံ့ တွေ တအားရတာပဲ... ""
ရုတ်တရက် မေးလိုက်သော ဖေဖေ့ စကားကြောင့် ကျော်သက်ကို ကြောင်သွားသည်။ ရင်လည်း ထိတ်သွားသည်။ ဖေဖေက ဘီယာသောက်တာ မကြိုက်ဘူး မဟုတ်လား...။
"" ... ဟုတ်ပါတယ်... ဖေဖေ... သား... သူငယ်ချင်းတွေနဲ့... မွေးနေ့ အတွက် ကျွေးမွေးရင်း နဲနဲ သောက်မိပါတယ်... ""
ကျော်သက်ကို မဝံ့မရဲ ဝန်ခံလိုက်သည်။ ဘီယာ သောက်တာထက် လိမ်တာကို ဖေဖေက ပို၍ မကြိုက်။
"" ... အေးလေ... အပျော် တစ်ရက်တစ်လေ သောက်တာပဲ... ဘာမှ မဖြစ်ပါဘူး... အပျော်ကနေ အပျက်မဖြစ်စေနဲ့နော်...သား...""
""ဟုတ်ကဲ့ ဖေဖေ...""
ဟု ကျော်သက်ကို ခေါင်းညိတ်၍ ပြလိုက်သည်။ ဖေဖေ ဒီနေ့ သဘောကောင်းနေသည်။ မွေးနေ့ ဖြစ်သောကြောင့် လည်း ဖြစ်မည်။
"" .... သားလေး... ပျော်တာလည်း ပျော်... ကိုယ့်အပျော် အတွက်နဲ့ သူများတွေ ဒုက္ခမရောက်စေနဲ့နော် သား... အထူး သဖြင့် သူများ အသိုက်အမြုံတွေ မဖျက်ဆီး မိစေနဲ့ လို့ မေမေ မှာချင်တယ်...""
မေမေ့ စကားကြောင့် ကျော်သက်ကို တစ်ကိုယ်လုံး တုန်သွားသည်။ မေမေ့ စကားက ထူးဆန်းနေသည်။မိမဖြစ်ခဲ့သော အဖြစ်ကို ဖေဖေ နှင့် မေမေ သိသွားပြီလား ဟုသော အတွေးဝင်ကာ ရင်တွေ ခုန်နေမိသည်။ မျက်လုံးထဲမှာလည်း မိမိ ပယောဂကြောင့် မှောက်သွားသော ကားကို မျက်လုံးထဲ ပြန်မြင်ယောင်ရင်း ငါ တာဝန်မဲ့ ပစ်ထားခဲ့တာ မှားသွားပြီလားဟု တွေးမိကာ နောင်တစိတ် ဝင်ရောက်လာသည်။
"" ... ဖေဖေ နဲ့ မေမေ သား ရှစ်ခိုး ကန်တော့ပါတယ်... နောက်ကို သားအတွက်နဲ့ သူများတွေ ဒုက္ခ မရောက် စေရဘူးလို့ ကတိပေးပါတယ်...""
ကျော်သက်ကို ဒူးထောက် ရှစ်ခိုး ကန်တော့၍ ကတိတွေ ပေးနေမိသည်။
"" ... အေး... အေး... သားလေး... အဲ့ဒါဆို... ဖေဖေနဲ့ မေမေ စိတ်ချပါပြီ... ညီမလေးကိုလည်း ဂရု စိုက်လိုက်ဦး... သားမှာ ဒီညီမလေး တစ်ယောက်ပဲ ရှိတာနော်...ကြားလား...ဖေဖေ နဲ့ မေမေ သွားတော့မယ်...""
မွေးနေ့ ပွဲလေးလည်း အကျဉ်းရုံး ပြီးသွားပြီဆိုတော့ ပြောပြော ဆိုဆို ဖေဖေ နှင့် မေမေက အပေါ်ထပ် တက်သွားကြသည်။ ညီမလေး ခင်ယွန်းသက်ကျော် လည်း သူ့ အိပ်ခန်းဘက် ထထွက် သွားသည်ကို တွေ့လိုက်ရသဖြင့် ကျော်သက်ကိုလည်း မိမိ အခန်းထဲ ဝင်လာခဲ့ လိုက်သည်။
အိပ်ခန်းထဲ ရောက်မှ အထိတ်တလန့် မြင်ကွင်းများ ကို ပြန်လည် မြင်ယောင်လာသဖြင့် ရေချိုးခန်းထဲဝင်ကာ တစ်ကိုယ်လုံး ရေချိုး ၊ ခေါင်းလျှော် သန့်စင်လိုက်သည်။
စိတ်ထဲမှာလည်း အခုကစ စိတ်သစ် လူသစ်ဖြစ်သွားပြီဟု မှတ်ယူလိုက်သည်။အဝတ်အစားလဲ ပြင်ဆင်ပြီး၍ အိပ်ခန်းထဲ ပြန်ဝင်လာတော့ မိမိ အိပ်ယာနံဘေးမှာ မတ်တပ်ရပ်နေသည့် ညီမလေး ခင်ယွန်းသက်ကျော်ကို တွေ့လိုက်ရသည်။
"" ... ခင်ယွန်း... သွားအိပ်တော့လေ... ငါ့ကို လာမရှုပ်နဲ့တော့...ငါ..စိတ်ရှုပ်နေလို့...""
ညီမ ခင်ယွန်းက ငိုမဲ့မဲ့ လေးနှင့် ကျော်သက်ကို ကို ကြည့်လိုက်ရင်း
"" ... ညီမလေး ...ကိုကြီးကို လာတောင်းပန်တာ...အရင်က ကိုကြီးနဲ့ ပြိုင်ပြီး ဆိုးခဲ့တာတွေ ခွင့်လွှတ်ပါနော်... ဖေဖေ နဲ့ မေမေ ကပြောတယ်...သူတို့ မရှိရင်... ကိုကြီးနဲ့ တည့်အောင်နေတဲ့... ကိုကြီး... ညီမလေးကို... မရိုက်ပါ နဲ့နော်....""
လာပြန်ပြီ။ကျော်သက်ကိုနှင့် ၁၀နှစ် လောက်ကွာသော အသက် ၈နှစ်သာ ရှိသေးသည့် ညီမလေး စကား ကလည်း အထူးတဆန်း။ ဟုတ်တော့ ဟုတ်သည်။ ကျော်သက်ကိုနှင့် ခင်ယွန်း က အသက်ကွာသည့် မောင်နှမတွေသာ ပြောတာ နည်းနည်းမျှ မတည့်။
မိမိတစ်ဦးတည်း ရှိစဉ်က ဖေဖေနှင့် မေမေက ချစ်သလောက် ခင်ယွန်း မွေးပြီးကတည်းက မိမိအပေါ် အချစ်လျော့သွားသည် ဟု ထင်ကာ ကျော်သက်ကိုမှ ခင်ယွန်းကို ကြည့်မရ။
ခင်ယွန်းကလည်း အငယ် ဆိုတော့ အနိုင်ကျင့် ဗိုလ်ကျသည်။ ဘာလေး ဖြစ်ဖြစ် သူကိုသာ ဦးစားပေးမှ ကြိုက်သည်။ ဖေဖေ နှင့် မေမေ ဘာလေးပဲ ဝယ်လာ ယူလာ သူ့ကို သာ အကောင်းပေးရသည်။ သူမ မရလျင် ကျော်သက်ကို ဆီက အနိုင်ကျင့် တောင်းသည်။ ဖေဖေနှင့် မေမေကလည်း ခင်ယွန်း လိုချင်လျင်
"" ညီမလေးက အငယ်ပဲ... သားက အလျော့ပေးလိုက်...""
ဟု ဆိုတတ်သဖြင့် ကျော်သက်ကိုမှာ မခံချိ မခံသာနှင့် အလျော့ပေးလိုက်ရပြီး စိတ်ထဲမှာတော့ တေးထားကာ လစ်ရင် လစ်သလို တွယ်တတ်သဖြင့် ပြသနာ ခဏ ခဏ တက်ရတတ်သည်။
အခုတော့ ခင်ယွန်းက ဘာစိတ်ဝင်သွားသည် မသိ မျက်နှာငယ်လေး နှင့် လာတောင်းပန် နေသဖြင့် သွေးသားက စကားပြောသည်ထင်။ ကျော်သက်ကို စိတ်တွေ နူးညံ့ သွားကာ
"" ... အေးပါ... ညီမလေးရယ်... ဒီနေ့က စပြီး အစစ အရာရာ ကိုကြီး အလျော့ ပေးမယ်နော်... ညီမလေးကိုလည်း... မရိုက်တော့ဘူး... အရမ်း ချစ်တယ်...""
""... ဟေး...ပျော်လိုက်တာ ကိုကြီးရယ်... ကိုကြီးဖို့ ညီမလေးလေ... ပဲခူးဈေးကြီးထဲ မှာ ပတ်ရင်း ကိုကြီး ကြိုက်တယ်လို့ ပြောဖူးတဲ့ ကျောပိုးအိတ်တွေ့လို့ မွးနေ့ လက်ဆောင် ပေးဖို့ မေမေ့ကို ဝယ်ခိုင်းထားတာ... ကားထဲမှာ ကျန်နေခဲ့တယ်... မနက်မှ ကိုကြီး ဖာသာ ယူလိုက်နော်...""
"" .... အေးအေး...ညီမလေး... အခုတော့ ညဥ့်နက်နေပြီ... သွား...အိပ်တော့နော်... ကိုကြီးလဲ အိပ်တော့မယ်.. ""
ဟုတ်ကဲ့ ကိုကြီး ဟု ပြော၍ ပျော်ရွှင်မြူးထူးစွာ ထွက်သွားသော ညီမလေး ခင်ယွန်းကို ကြည့်၍ ကျော်သက်ကို စိတ်ကြည်နူး စွာ ပြုံးလိုက်မိရင်း အိပ်ယာ ဝင်ခဲ့လိုက်သည်။
အခန်းတစ်ခုလုံး ရေခဲ တမျှ အေးစက်နေသည်။ မြူ ခိုးလိုလို မြူမှုန်လိုလိုများက တစ်ကိုယ်လုံး လွှမ်းခြုံလာသလို ခံစားနေရပြီး လေးပင်သော အရာတစ်ခုက ခြေထောက်ပေါ်မှ စ၍ တရွေ့ရွေ့ တက်လာပြီး ရင်ဘတ်ပေါ်ရောက်လာသည်။
ရုန်းကန်ကြည့်သော်လည်း ခြေလက်တွေကို ချုပ်ကိုင်ထား သဖြင့် လှုပ်၍ မရ။အသက်ရှူ မဝသလို ဖြစ်ကာ မောဟိုက်လာသဖြင့် ကျော်သက်ကို အားယူ၍ မျက်လုံး ဖွင့်ကြည့်လိုက်သည်။
"".... အောင်းမလေး...""
အော်ချင်သော်လည်း အသံက မထွက်။ မိမိရင်ဘတ်ပေါ်မှာ မတ်ရပ်၍ ရင်ဝကို ဖိနင်းထားသော ခြေထောက်မည်းမည်းကြီးကို တွေ့လိုက်ရသည်။ ဘယ်သူလဲဟ မျက်နှာကို မော့ကြည့်လိုက်တော့ မသတီစရာ ပုံစံကြီးကို တွေ့လိုက်ရသည်။ ရင်ဘတ်ပေါ်မှ လူကြီးမှာ ခေါင်းကြီးက ဟက်တက်ကွဲ၍ ဦးဏှောက်များ တွဲလဲတစ်လစ် ပြူထွက်ကာ သွေးများက မျက်နှာပေါ်မှာ စီးပျစ်စွာ စီးကျနေသည်။ မျက်လုံးကြီးများလည်း အပြင် သို့ ပြူးထွက်နေကာ မျက်နှာ တပြင်လုံး မှန်ကွဲစများ စိုက်ဝင်နေသဖြင့် မျက်နှာကြီး ပျက်စီးကာ မည်သူမည်ဝါ ဝေခွဲမရ။ ပါးစပ်က ဗလုံးဗထွး စကားတွေ ပြောနေသည်။
"" .... အူး...အစ်... ဗွက်...ပျစ်...""
စကားတစ်ခွန်းပြောတိုင်း သွေးတွေက တပွက်ပွက်ထွက်ကာ ကျော်သက်ကို ရင်ဘတ်ပေါ် ရေလောင်းချသလို ကျနေသည်။
အကူအညီ ရလိုရငြား ဘေးပတ်ဝန်းကျင် စောင်းငဲ့ကြည့်တော့ မိမိဘေးမှာ မတ်တပ်ရပ်နေသော နောက်ထပ်တစ်ယောက်ကို တွေ့ရပြန်သည်။
မိန်းမတစ်ယောက်ပုံစံဖြစ်ပြီး ဆံပင်ကြီးက ဖိုးရို့ဖားလျားနှင့် မျက်နှာ တစ်ခုလုံး စုတ်ပြတ်နေသည်။ မျက်လုံးကြီးများက မျက်ဆံမရှိပဲ ဖြူဖြူကြီးနှင့် ကျော်သက်ကိုကို လက်ညိုးထိုး၍ တစ်ခုခု ပြောနေသည်။ ""ဖေဖေကြီး... မေမေ... "" ဟု တစာစာခေါ်၍ ငိုနေသည့် ကလေးတစ်ယောက်၏ အသံကိုလည်း သဲ့သဲ့ ကြားနေရသည်။မည်သူ မည်ဝါတွေမှန်း မသိ...၊
"" .... ငါတို့ကို ... သေအောင်...လုပ်တာ...နင်ပဲ... ငါတို့ကို...သတ်တာ နင်ပဲ...နင်ပဲ... နင်ပဲ...""
မိန်းမကြီး၏ ပါးစပ်က ပွစိ ပွစိ စကားသံ ကျယ်လောင်လာသည်နှင့် စည်းချက်ညီစွာ လူကြီးက ကျော်သက်ကို ၏ ရင်ဝကို ခြေထောက်ဖြင့် တဖျစ်ဖျစ်မြည်အောင် နင်းချနေသည်။
ကျော်သက်ကို ဗြောင်းဆန်နေအောင် အော်ဟစ်ညဉ်းတွားနေသော်လည်း အသံက ရင်ထဲမှာသာ ပျောက်ကွယ်နေပြီး အပြင်ထွက်မလာ ။ ဖေဖေနှင့် မေမေ လည်းနိုးပုံမရချေ။
ကျော်သက်ကို မျက်ဖြူများ ဆိုက်လာကာ အမြင်အာရုံ ဝေဝါးလာစဉ် ရင်ဘတ်ပေါ်မှ လူကြီးမှာ ဖခင် ဦးကျော်မင်း ဖြစ်နေပြီး ဘေးမှ မိန်းမကြီးမှာ မိခင်ကြီး ဒေါ်သက်ထား ဖြစ်နေသည်ကို တွေ့လိုက်ရလျင်
"" .... အား... မဟုတ်ဘူး... မဟုတ်ဘူး... ""
"" ... တူ...တူ... တူ...တူ...""
အော်ဟစ်လန့်နိုးလာသံနှင့် အတူ အပြင်ဧည့်ခန်းမှ အိမ်ဖုန်းက မြည်လာသည်။
အိပ်ယာမှ ကုန်းရုန်းထ၍ အိပ်မက်ကြောင့် ချွေးစေးများ ထွက်၍ မောဟိုက်နေသဖြင့် အမောဖြေနေမိသည်။ အိပ်မက်ကို မြင်ယောင်၍လည်း ကျော်သက်ကို ရင်တွေ ပန်းတွေ တုန်နေသည်။ ခေါင်းရင်းမှ ရေဗူးကို လှမ်းယူ၍ ရေသောက်ရင်း ဖုန်းသံကို နားစွံ့နေမိသည်။ မည်သူမျှ ကိုင်ပုံ မရ ဖုန်းက တတူတူ မြည်နေသည်။အနားက လက်ကိုင်ဖုန်းကို ယူ၍ နာရီကို ကြည့်တော့ မနက် ၂နာရီကျော်ကျော်။
ဒီအချိန်ကြီး ဘယ်သူ ဖုန်းဆက်တာ ပါလိမ့်။ ဖေဖေ နှင့် မေမေလည်း ခရီးပန်းလို့ အိပ်ပျော်ပြီး မကိုင်နိုင်တာ ဖြစ်မည်ဟု တွေးကာ ကျော်သက်ကို အိပခန်းထဲမှ ထွက်လာလိုက်ပြီး ဖုန်းကို ကောက်ကိုင် လိုပ်သည်။
"" .... ဟလို... ဘယ်သူလဲ... ""
"".... ------------------------------------------------""
"" .... ဟုတ်ပါတယ်... ဦးမင်းကျော်... အိမ်က... သူ့သားပါ... ဘာပြောပေးရမလဲ...""
"" ....------------------------------------------""
"" .... ဟာ.... မဖြစ်နိုင်ဘူး... ကျနော့ ဖေဖေနဲ့... မေမေ... အခန်းထဲမှာ အိပ်နေကြတယ်... ""
""... --------------------------------------------""
"" ....ဗျာ....မယုံဘူးဗျာ... မယုံဘူး...ခင်ဗျားတို့...ဒါနောက်စရာ မဟုတ်ဘူး... အိမ်မှာ ဖေဖေ နဲ့ မေမေ ရှိတယ်... ညကပဲ ကျုပ်နဲ့ မွေးနေ့ပွဲ အတူ လုပ်ခဲ့တာ...""
""... ဗျာ....ဂွပ်... ""
ဖုန်းကို ပစ်ချလိုက်ပြီး ကျော်သက်က ဧည့်ခန်းထဲ ပြေးကြည့် လိုက်သည့်။ စားသောက်လက်စ ကိတ်မုန့်အကျန်နှင့် ပန်းကန်ခွက်တွေက ဒီအတိုင်း ရှိနေသဖြင့် ကျော်သက်ကို ကျေနပ်သွားသည်။
ညီမလေး ခင်ယွန်း အခန်းဖွင့်ကြည့်တော့ ညီမလေးကို မတွေ့ ။ အိပ်ယာလေးက သေသေသပ်သပ် ခေါက်လျက်လေး။
"" ... မေမေတို့ နဲ့ သွားအိပ်တယ် ဖြစ်မယ်... လူဆိုး မလေး... ""
ဖေဖေ တို့ အခန်း ရှိရာ အပေါ် ထပ်တက်လာခဲ့သည်။လော့ချမထားသဖြင့် အခန်းကို အနည်းငယ် ဟကြည့် လိုက်တော့ ကျော်သက်ကို ရင်ထိတ်သွားသည်။
"" .... ဟာ... ဖေဖေတို့ ဘယ်သွားကြပါ လိမ့်...""
အခန်းထဲမှာ ညီမလေးကော ဖေဖေ နှင့် မေမေ ကော မတွေ့ရပဲ အိပ်ယာသိမ်းထားသည့် ကုတင်အလွတ်ကြီးသာ တွေ့လိုက်ရသည်။
ကျော်သက်ကို ကမန်းကတန်း အိမ်အပေါ်ထပ်မှ ပြေးဆင်း၍ အခန်းထဲမှ ဆိုင်ကယ်သော့ ဝင်ယူကာ တံခါးဖွင့်လိုက်သည်။
ထိုအခါမှ စဉ်းစားမိသည်။ ညက ပြန်လာတော့ အိမ်တံခါးတွေ သော့ခတ်ထားလျက်ရှိပြီး ဖေဖေ ၊ မေမေ နှင့် ညီမလေးက အိမ်ထဲရောက်နေသည်။ သော့တွေက အကုန် မိမိဆီမှာသာ ရှိသည်။
ကျော်သက်ကို တစ်ကိုယ်လုံး ပူထူလာကာ ဆိုင်ကယ်ဆီ ပြေးကာ တက်ခွ၍ စက်နှိုးလိုက်သည်။ဆိုင်ကယ် မောင်းထွက်ရင်း ကားဂိုထောင်ဘက်ကို လှမ်းကြည့်တော့ ဖေဖေ့ ကားကို မတွေ့ရ။
လူတစ်ကိုယ်လုံး ဝိညာဉ်ခွာသွားသလို စိတ်နှင့် ကိုယ်နှင့် မကပ်တော့ပဲ ဆိုင်ကယ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် မြို့ပြင် အဝေးပြေး လမ်းမကြီးပေါ် ဦးတည်မောင်းနှင်သွားသည်။
""... ဖေဖေ..မေမေ နဲ့ ညီမလေး...ဘာမှ မဖြစ်ပါစေနဲ့....""
ပါးစပ်မှ တဖွဖွ ဆုတောင်းရင်း ဆိုင်ကယ်ကို လီဗာကုန် ဆွဲတင်လိုက်သည်။
မနက် ခင်း ဝေလီဝေလင်း။ အဝေးပြေးလမ်းမကြီး တစ်နေရာမှာ ကားတစ်စီး လမ်းဘေးမြောင်းအတွင်း ဇောက်ထိုးမိုးမျှော်ဖြစ်နေကာ အရေးပေါ် ဆေးရုံကားများ၊ ယာဉ်ထိန်း ရဲများ၊ လူများ ဝိုင်းအုံနေကြသည်။
ရှေ့ခန်းမှာ အမျိုးသားကြီး တစ်ယောက်ကတော့ ဦးနှောက်ထွက်ကာ သွေးသံရဲရဲနှင့် သေဆုံးနေပြီး ကားထဲက ခက်ခက်ခဲခဲ ထုတ်ယူလိုက်ရသည်။ ကားနောက်ခန်းထဲမှာ အမျိုးသမီးတစ်ဦး က ၈နှစ် အရွယ်ခန့် ကလေးမလေးကို တင်းတင်းကျပ်ကျပ် ဖက်လျက် သေဆုံးနေသည်ကိုလည်း ခက်ခဲစွာ ထုတ်ယူလိုက်ရသည်။
"" .... ကလေးမလေးက မသေဘူးဟေ့...သူ့အမေ ရင်ထဲ အတင်းဖက်ထားပြီး ကာထားလို့ ဒဏ်ရာ နဲနဲရပြီး မေ့နေတာ...""
ဆေးရုံ ဝန်ထမ်းတစ်ဦး၏ မှတ်ချက် စကားကြောင့် ကြည့်နေသော သူများက အဆိုးထဲက အကောင်းဟူ၍ မှတ်ချက်ချကာ စုတ်တသပ်သပ် ဖြစ်နေကြသည်။ သံဝေဂ ရသူတွေကလည်း ရနေကြသည်။
သေဆုံးသွားသော သူတွေကို ကြည့်၍ အရူးတစ်ယောက်လို အော်ဟစ် ငိုယိုနေသော ကောင်လေးကို ကြည့်၍လည်း အားလုံး ဂရုဏာ သက်နေကြသည်။
"" ... ကောင်လေး... ဘာတွေ... အော်ဟစ်နေတာလဲ... သွေးပျက်စရာတွေတွေ့ပြီး ရူးသွားတာ များလား...""
"" .... ကောင်လေး... သနားပါတယ်... မိဘတွေ အဖြစ်ဆိုး မြင်ပြီး စိတ်ဂယောက်ဂယက်တွေ... ဖြစ်သွားရှာတယ်... အော်... အနိစ္စ...မမြဲခြင်းတွေလေ...""
မည်သူတွေ မည်သို့ မှတ်ချက်ပေးနေသော်လည်း ကောင်လေးက မကြားသလို အော်ဟစ် ငိုယိုမြဲ။
"" ... ဖေဖေ ရေ...မေမေ...သားမယုံဘူးဗျာ... ညကပဲ သားကို မွေးနေ့ပွဲ.. လာလုပ်ပေးသွား...သေးတယ်လေ...ဟီး...ဟီး... သားကို မထားခဲ့ကြပါနဲ့... သားကိုပါ ခေါ်သွားကြပါ... ""
""... ကျွန်တော့်ကို ဖမ်းကြပါဗျာ... ဖမ်းကြပါ... ဖေဖေနဲ့ မေမေ သေရတာ... ကျွန်တော့်ကြောင့်ပါ... ကျွန်တော် သတ်တာပါဗျာ.........""
"" .... ညီမလေးရေ... ကိုကြီးကို ခွင့်လွတ်ပါ... ကိုကြီးကြောင့်...ညီမလေး... ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ ဖြစ်ရတာ... အား... ဟီး...ဟီး...အင့်...""
ကားထဲမှာ ဖက်ထားသည့် သားအမိနှစ်ယောက် ကိုယ်ကြားထဲမှာ ညပ်နေ၍ ဆွဲထုတ်ထားသည့် ကျောပိုးအိတ်လေးကို လက်ထဲမှာ တင်းတင်း ဆုပ်ကိုင်၍ တစာစာ အော်ဟစ်ငိုယိုနေသည့် ကောင်လေး။
ထိုကောင်လေးကတော့ ခဏတာ အပျော်လေးတစ်ခုအတွက် မထင်မှတ်ပဲ ကိုယ့်အသိုက်အမြုံကို ကိုယ်ဖျက်မိခဲ့သော ကျော်သက်ကို ဆိုသည့် လူငယ်လေး တစ်ယောက်ပင်တည်း။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အားလုံး မိမိ အပျော်လေး တစ်ခုအတွက် သူတပါးကို ဒုက္ခမပေးမိကြပါစေ နှင့်လို့ အသိပေးရင်း
ပြီးပါပြီ။
ဝါသနာအရ ရေးသည်မို့ အမှားအယွင်း အားနည်းချက်များသည် ကျနော့်၏ အားနည်းချက်များသာဖြစ်၍ နားလည်ဖတ်ရှုပေးပါရန်။
မောင်လယ်တော

Comments
Post a Comment