#သစ္စာစကား
💫🌟 ဤမှန်သော သစ္စာစကားကြောင့် 🌟💫
➖➖➖➖➖➖➖➖➖➖
သစ္စာစကားဟူသည် ဟုတ်တိုင်းမှန်ရာဆိုပါက မိုးနှင့် မြေကိုပင် တုန်လှုပ်စေလေ၏။
ညသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး သန်းခေါင်ယံသို့ တိုင်ခဲ့လေပြီ။ မှောင်မိုက်ခြင်းတို့သည်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ကန့်လန့်ကာမည်းကြီး ကာထားသကဲ့သို့။
တောခွေးတို့၏ ဆွဲငင်စွာ အူသံတို့က ရံဖန်ရံခါ ထွက်ပေါ်လာသလို ငှက်ဆိုးထိုးသံများကာလည်း တဂီးဂီး တဂစ်ဂစ်နှင့် ည၏ ချောက်ချားမှုကို အပြည့်အဝ ပံ့ပိုးပေးနေသည်။
အသည်းငယ်သူများ မပြောနှင့် တော်ရုံ သတ္တိကောင်းသူများပင် ဤအချိန် ဤကာလတွင် ဤနေရာသို့ မလာဝံ့ချေ။
သို့သော် ထူးဆန်းစွာပင် ထိုချောက်ချားဖွယ်နေရာ၌ မီးရောင်လေးတစ်ခုက လင်းလက်နေသည်။ အလင်းရောင်ကား သင်္ချိုင်း၏ အလယ်ဗဟိုတည့်တည့် ဇရပ်လေးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
မှန်ပေသည်။ ဤနေရာကား သက္ကတရွာကြီး၏ သင်္ချိုင်းပင်တည်း။
ဇရပ်ပေါ်၌ လူတစ်ယောက် ခြေပစ်လက်ပစ် ထိုင်လျက် ဇက်ကျိုးနေသည်။ပါးစပ်က ပွစိ ပွစိ လျှာတသပ်သပ်လုပ်နေသဖြင့် သေနေသည်တော့ မဟုတ်တန်ရာ။
"".. အေ့... အရက်လည်း ကုန်တော့မယ်...သောက်လို့ကလဲ မဝဘူး...ဟေ့..အေ့.. လုပ်စရာရှိတာလေး လုပ်ပြီးရင်တော့ အိပ်ရတော့မှာပဲ...အေ့..""
ပါးစပ်ကလည်းပြော လူကလည်း ဒယီးဒယိုင်၊ ဟိုကိုင်ဒီထိန်းကာ ထရပ်နေသဖြင့် အရက်မူးလွန်ပြီး ဇက်ကျိုးနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
အနီးမှ ပေါက်တူးကို ကောက်ကိုင်ကာ အခြားလက်တစ်ဖက်မှ မီးတုတ်ကိုယူ၍ ဇရပ်ပေါ်မှ ဆင်းလာသည်။မတ်တပ်ရပ်ကာမှ သူ၏ ပုံသဏ္ဍန်က ပို၍ ပေါ်လွင်လာသည်။
ဆံပင်က ညှင်းသိုးသိုး၊ အရပ်က ကလန်ကလား၊ အသားက မည်းမည်းနှင့် ဖြစ်ကတက်ဆန်းနေတတ်ကာ ခြေသလုံး အိမ်တိုင်တစ်ယောက်မှန်း သိသာလှသည်။
ထိုလူသည် မူးနေသော်လည်း တစ်စုံတစ်ရာကို စို့ရွံဟန်ဖြင့် ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် ဝေ့ဝိုက်ကြည့်လျက် ဇရပ်နှင့် ရှေ့မျက်နှာစာတည့်တည့်သို့ ဦးတည်သွားနေသည်။
ခပ်လှမ်းလှမ်းနေရာသို့ ရောက်သော် မြေအနေထားကို ကြည့်၍ မီးတုတ်ကို မြေကြီးပေါ် စိုက်လိုက်သည်။ ပြီးနောက် ပေါက်တူးဖြင့် မြေကြီးကို တူးဆွနေသည်။
လူက မူးနေသော်လည်း မြေကြီးမှာ မြေပွဖြစ်သဖြင့် အချိန် အတော်အတန်ကြာသော် လူတစ်ကိုယ် မြုပ်စာ ကျင်းနက်နက် တစ်ခု ဖြစ်လာသည်။
ကျင်းကို ကြည့်ကာ ကျေနပ်ဟန်ဖြင့် ပြုံး၍ ဇရပ်ပေါ်သို့ ပြန်သွားကာ ဖျာနှင့် ပတ်ထားသော အရာ တစ်ခုကို ကျင်းနေရာသို့ ထမ်းလာခဲ့သည်။
ထို့နောက် ကျင်းထဲ ပစ်ချကာ အပေါ်မှ မြေကြီးများကို ပြန်လည် ဖုံးအုပ်လိုက်သည်။ ဤအခြေအနေများကို ကြည့်၍ အလောင်းတစ်ခုကို မြုပ်နှံနေခြင်း ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
"" ဘုတ်...ဘုတ်...ဘုတ်..."'
နောက်ဆုံး မြေဖို့ခြင်းကို ပြုလုပ်ပြီးနောက် မြေကြီးကို အသားကျအောင် ပေါက်တူးအနှောင့်ဖြင့် ရိုက်၍ ဖိသိပ်လိုက်သည်။
ထို့နောက် အရန်သင့်ပြုလုပ်ထားသော မှတ်တိုင်ကို မြေပုံထိပ်နေရာတွင် တည်၍ ပေါက်တူးနှောင့်ဖြင့် ရိုက်စိုက်လိုက်သည်။
မှတ်တိုင်တွင် ကွမ်းစားထုံးဖြင့် မညီမညာရေးထားသည့် အမည်တစ်ခုရှိနေသည်။
ရှင်နွဲ့ အသက် ၃၆ နှစ်
"" အေ့...ကဲ...ဘဝကံ ဆိုးတဲ့ရှင်နွဲ့ရေ... ငါ့တာဝန်တော့ ကျေပြီ... နက်ဖြန်ခါ နင့်အတွက် ရွာထဲမှာ တရားနာတဲ့အခါ ကျွတ်လွတ်ချင်ရင် တရားနာ လာပေါ့ဟာ..အေ့..ဟေ့...ငါတော့ လက်ကျန် အရက်လေး သောက်ပြီး ပြန်အိပ်တော့မယ်...အေ့...""
ထို့နောက်မှ တစ်စုံတစ်ရာကို ထိလန့်သည့်ဟန် မျက်နှာထားတို့ ပြန်လည် ပေါ်ထွက်လာကာ ဘေးဘယ်ညာသို့ မျပ်စိဝေ့ကစားနေပြန်သည်။
သင်္ချိုင်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခွေးအအူသံနှင့် ညဥ့်ငှက်ဆိုးထိုးသံအချို့ပင် မကြားရတော့ပဲ ညဥ့်ပိုးကောင်အချို့၏ အော်မြည်သံအနည်းငယ်မျှသာ ကြားရသောကြောင့် စိတ်ချသွားဟန်ဖြင့် အနီးမြေကြီးထဲမှ စိုက်ထားသော မီးတုတ်ကို ဆွဲနှုတ်ကာ ပေါက်တူးကို ပုခုံးပေါ် တင်၍ ရှင်နွဲ့၏ မြေပုံအနီးမှ ထွက်လာခဲ့သည်။
"" ဂူး...ဂူး...ဂီး...ဂျလွတ်... ဂျလွတ်...""
လှည့်ထွက်၍ ခြေလှမ်းတစ်ရာပင် မပြည့်သေး နောက်ဘက်မှ ထူးဆန်းသော အသံများထွက်ပေါ်လာသည်။ လူ့စိတ်ဝသီအတိုင်း မနေနိုင် မထိုင်နိုင် လှည့်ကြည့်မိလိုက်လျင်
"" အောင်းမလေး... ဘယ်လိုဖြစ်တာလဲ.. ''''
မြင်လိုက်ရသော မြင်ကွင်းကြောင့် လက်ထဲမှ ပေါက်တူးနှင့် မီးတုတ်ပင် လွတ်ကျသည့်အထိ ထိတ်လန့်သွားမိလေသည်။
ရှင်နွဲ့၏ မြေပုံအနီးတွင် လေးဘက်ထောက်၍ သူ့အားကြည့်နေသော အလွန်ကြီးမားသော သတ္တဝါကြီး။ မတ်တပ်ရပ်လျင် သင်္ချိုင်းအတွင်းမှ ကုက္ကိုပင်ကြီးထက် မြင့်လောက်သည်။
တစ်ရွာလုံးပြောနေကြသော သင်္ချိုင်းစောင့် ဘီလူး ဆိုတာ ဖြစ်ပေမည်။ အများတကါပြောနေကြသကဲ့သို့ပင် ဘီလူးကြီး၏ မျက်လုံးကြီးများမှာ သပိတ်လုံးခန့်ရှိ၍ လျှာကြီးမှာ မြေကြီးထောက်နေသည်။ ပါးစပ်မှ အစွယ်ကြီးများမှာ ကျွဲဂျိုကြီးကဲ့သို့ ချွန်ကွေးနေနေကာ သားရေများမှာ တမြားမြားကျနေသည်။
စောစောက မြုပ်ထားခဲ့သော ရှင်နွဲ့ ၏ မြေပုံမှာ ပျက်စီးနေပြီး အလောင်းမှာလည်း ဘီလူးကြီး၏ လက်ထဲတွင် နှစ်ပိုင်းပြတ်နေသည်။
သူ ကြည့်နေစဉ်မှာပင် ဘီလူးကြီးက ရှင်နွဲ့၏ အလောင်းခေါင်းပိုင်းအား ပါးစပ်အတွင်းထိုးသွင်း၍ တဂျွတ်ဂျွတ်ဝါးစားနေသည်။
တစ်သက်နှင့် တစ်ကိုယ် မကြုံဖူးသော သွေးပျက်ဖွယ် မြင်ကွင်းကြောင့် ရှိသမျှအားကို ထုတ်၍ သင်္ချိုင်းအတွင်းမှ ထွက်ပြေးလေတော့သည်။
"" ဟေ့... မပြေးနဲ့... ငါ့ပိုင်နက်ထဲ ဝင်လာရင် မင်း..ကငါ့အစာ...ဖြစ်နေပြီ...""
ကျောချမ်းဖွယ် အသံကြီးနှင့် အတူ သူ၏ ခန္ဓာကိုယ်မှာ လေထဲမြှောက်တက်သွားသည်။ ဘီလူးကြီး၏ လက်နှစ်ဖက်ဖြင့် ဖမ်းချုပ်ခံလိုက်ရခြင်းဖြစ်သည်။
ထို့နောက် ခြေထောက်မှ စုံကိုင်ကာ ဇောက်ထိုး ဆွဲမွှေ့ခြင်း ခံရပြန်သည်။
"" ဝေါ့.. အော့... အော့..."''
ဝမ်းထဲရှိသမျှ အရက်များ ပြန်လည် အန်ထွက်ကုန်ကာ အမူးပြေကုန်သည်။
"" အောင်းမလေး...ကယ်ကြပါဦး... ကြောက်ပါပြီဗျ... ကျုပ်ကို မသတ်ပါနဲ့... ကြောက်ပါတယ်...""
အမူးပြေမှ ကြောက်စိတ်ပိုဝင်ကာ ထိတ်လန့်စွာ အော်ဟစ်နေသော သူ့ကိုကြည့်၍ ဘီလူးကြီးက တဟားဟားအော်ဟစ်ရယ်မောနေသည်။
"" ဟား...ဟား..ဟား... မင်းမကြောက်လို့ ဒီသင်္ချိုင်းထဲ ညကြီးသန်းခေါင် လာပြီး နေတာပေါ့... .. ဒီသင်္ချိုင်းအကြောင်း မကြား မိဘူးလားကွ...""
လက်အတွင်းမှ ရုန်းကန် အော်ဟစ်နေသော သူ့ကို ဘီလူးကြီးက လှောင်ပြုံးဖြင့်ကြည့်ရင်း မေးမြန်းသည်။ ဇောက်ထိုးဖြစ်နေသောသူ့ကို လက်နှစ်ဖက်ဖြင့် ချုပ်ကိုင် တည့်မတ်၍ ဘီလူးကြီး၏ မျက်နှာကို ကြည့်၍ စကားပြောနိုင်သည့် အနေအထားသို့ ပြောင်းပေးသည်။
နည်းသည့်အကောင်ကြီး မဟုတ်။
"" ကြား...ကြား..တော့.. ကြားမိပါတယ်ဗျာ... ဒါပေမယ့်.. မလာလို့ကလည်း မရ... အရက်သောက်ချင်ဇောကလည်း... များနေတော့... ဘာမှ မစဉ်းစားနိုင်တော့ပဲ... ရောက်လာ မိတာပါဗျာ...""
စကားကို ထစ်ထစ်ငေါ့ငေါ့နှင့် ကောင်းကောင်းမွန်မွန် ဖြစ်အောင် ကြိုးစား ပြန်ဖြေလိုက်သည်။ ကောင်းကောင်းမဖြေလျင်လည်း ဒေါသထွက်ပြီး ချက်ချင်း သတ်ပစ်လိုက်ပါက အခက်မဟုတ်လား။ တွေး၍ ကြောက်သေးပင် ထွက်ချင်လာသည်။
"" ဟေ.... မင်းစကားက အဆန်းပါလားကွ.. မလာလို့ ကလည်း မရဆိုတော့... ဘာဖြစ်လို့လဲကွ..."''
သူ့စကားကို ဘီလူးကြီး တော်တော် စိတ်ဝင်စားသွားပုံရသည်။ တုန်လှုပ်နေသော စိတ်ကို အနည်းငယ် ဖြေလျော့လိုက်သည်။
"" အဲ့ဒါ ဘီလူးကြီး ကြောင့်ပဲလေ... "'
"" ငါ့ကြောင့်... ဟုတ်လား... ဆိုစမ်းပါဦးကွ... ဘာလို့ ငါ့ကြောင့် ဖြစ်ရတာလဲ...""
"" ကျုပ်တို့ ရွာဘုန်းကြီးကျောင်းထိုင် ဘုန်းဘုန်းကို ဘီလူးကြီးက... အိပ်မက်ပေးတယ်ဆို... ရွာထဲက တစ်ပတ်ကို လူအရှင်တစ်ယောက် ပေးရမယ်... မပေးရင် ရွာထဲဝင်ပြီး တရွာလုံး စားမယ် ဆိုပြီးလေ...""
"" ဟုတ်တယ်လေကွာ... လူသေတွေချည်းစားနေရတာ ငြီးငွေ့တယ်ကွ.. လူအရှင်လေးစားမှ လတ်လတ်ဆတ်ဆတ်နဲ့ အရသာ ရှိတာ... ကလေး အသားတွေဆို နုနုထွတ်ထွတ်လေးနဲ့ အရမ်းစားကောင်းတာ... အစောက ငါစားတဲ့ ရှင်နွဲ့ ဗိုက်ထဲမှာ မီးမဖွားနိုင်ပဲ သေတဲ့ ကလေး မြေမနင်းသားလေး ပါလာတာ... စားလိုက်ရတာ စိမ့်နေတာ ပဲကွာ...""
ဘီလူးကြီးက သူ၏ ပြဲကားနေသော ပါးစပ်ကြီးနှင့် လျှာကြီးကို သပ်ကာ အာသာငမ်းငမ်းပြောနေသည်။ ဘီလူးကြီးစကားကြောင့် သူပင် ကျောချမ်းသွားပြီး ကြောက်စိတ်များ ပြန်လည် ဝင်ရောက်လာသည်။
"" အောင်းမလေး... ကြားတာနဲ့တင် ကြက်သီးတွေ ထလွန်းလို့ပါဗျာ... မပြော စမ်းပါနဲ့... ဘီလူးကြီးက တော်တော် ရက်စက်တာပဲ... ရှင်နွဲ့ ယောက်ျားကိုလည်း အရှင် လတ်လတ် စားပစ်တယ်... အခု ယောက်ျားစိတ်နဲ့ မီးဖွားရင်း သွေးတက်သေသွားတဲ့ ရှင်နွဲ့ကိုလည်း စားတယ်...အစိမ်းသေဆိုရင် ညတွင်းချင်း မြေမြုပ်ရမှာဖြစ်လို့... ဘယ်သူမှ သင်္ချိုင်းထဲမှာ လာမမြုပ်ရဲလို့ ကိုယ်စားအလောင်းမြုပ်ပေးတဲ့ ကျုပ်ကိုလဲ စားဖို့ ကြိုးစားနေတယ်...ခင်ဗျား မလွန်လွန်းဘူးလားဗျာ...""
သူ၏ စကားများက မခံချင်စိတ်ကြောင့် ဒေါသသံ အချို့ ပါသွားသည်။ ဤ အချင်းအရာကို ကြည့်၍ ဘီလူးကြီးက သဘောကျဟန်ဖြင့် တဟားဟား ရယ်မောနေပြန်သည်။
"" မင်းက ငါ့ကို ကြောက်တယ် ကြောက်တယ်နဲ့... အခုတော့ ရန်တောင်တွေ့နေပါလားကွ... မင်းနဲ့ စကားပြောရတာ တမျိုးပဲ...အပျင်းတော့ ပြေတယ်ကွ... မင်းကို ဖမ်းထားတာက ခဏ လွှတ်ပေးမယ်... ငါနဲ့ စကားပြောကြတာပေါ့ကွာ... ထွက်တော့..မပြေးနဲ့နော်... ထွက်ပြေးရင် အခုချက်ချင်း သတ်ပစ်မှာ....""
ဘီးလူးကြီးက အသံသြသြကြီးနှင့် ခြိမ်းခြောက်လိုက်ပြီး လက်အတွင်းမှ သူ့ကို လွှတ်ချလိုက်သည်။
"" ထွက်မပြေးပါဘူးဗျာ.. . ကျုပ်က သေလူပဲဟာ... ""
ပြောရင်း စိတ်ပျက်လက်ပျက်ဟန်ဖြင့် မြေပုံတစ်ခုပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
"" ဘာဖြစ်လို့ မင်းက သေလူလို့ ပြောရတာလဲကွ... မင်းမှာ လွတ်ဖို့ လမ်းရှိပါသေးတယ်ကွ...""
"" ဟာ... တကယ်လား...ဘီလူးကြီး...""
ဘီလူးကြီး၏ စကားကြောင့် သူအားတက်သွားသည်။
"" တကယ်ပေါ့ကွ... ဒါပေမယ့် သိပ်လည်း ဝမ်းသာမနေနဲ့... လွတ်လမ်းက မလွယ်ဘူး... မင်းရှေ့က လာတဲ့ လူတွေ အကုန် သေကုန်ပြီး ငါ့အစာ ဖြစ်ကုန်တာပဲ မဟုတ်လား.. ""
"" ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ... ယောက်ျားတို့ဇွဲ သေကာမှ လျော့တဲ့... ယောက်ျားတံခွန် လူရည်ချွန်...ကောင်းကင်တမွတ် ကြယ်ကို ဆွတ်တဲ့... ...လွတ်လမ်းက ဘယ်လိုဆိုတာသာ ပြောပြပါ ဘီလူးကြီးရယ်... ကျုပ်မသေသေး သရွေ့ ကြိုးစားလို့ ရတယ်...""
သူ့စကားကြောင့် ဘီလူးကြီးက တဟားဟား ရယ်မောနေပြန်သည်။
"" မင်းက လူကသာ ပေစုတ်စုတ်... စကားကတော့... ကြီးကြီးကျယ်ကျယ် တအားပြောတာပဲ... အေးပါကွာ... မင်းမှာလည်း အခွင့် အရေးရှိနေတော့ ငါပြောပြရမှာပေါ့... ဒီလိုကွ... ငါက လူအရှင်တစ်ယောက် ဒီအတိုင်း လက်လွတ် စပယ် ဖမ်းစားခွင့် မရှိဘူး... ဖမ်းမိတဲ့ လူတစ်ယောက်ကို သူ့ အသက်လွတ်ဖို့အတွက် သစ္စာစကား ဆိုပြီး လွတ်လမ်းကို တောင်းဆိုခွင့် ရှိတယ်...ဒါတွေကို ဘုန်းကြီးကို အိပ်မက်ပေးတော့ ငါ တစ်ခါတည်းပြောခဲ့တယ်လေ... ဥပမာကွာ... ကျုပ်သည် မိဘတို့ကို မငြီးမငြူ လုပ်ကိုင်ကျွေးမွေးခဲ့ပါသည် ဤမှန်သော သစ္စာစကားကြောင့်... ဇာတ်တော်တွေထဲက အဲ့လိုသစ္စာစကားပေါ့ကွာ...""
"" ဟာ...ဒါဆို အရင်လူတွေလဲ ဒီလို သစ္စာ ဆိုရမှာပဲနော်...ဒါနဲ့ ဘယ်သူမှ လွတ်တယ်လဲ မကြားပါလား...""
"" ဘယ်ကြားမလဲကွ... အရင်လာတဲ့လူတွေရဲ့ သစ္စာစကားက မှန်မှန် ကန်ကန်မှ မရှိတာ...သူတို့က လိမ်ညာပြီး သစ္စာဆိုတော့ ငါက ခါးချိုး ဂုတ်ချိုး ၊ နှစ်ပိုင်းဖြတ်ပြီး စားပစ်တာပေါ့...""
ဘီလူးကြီး၏ မာန်ပါပါ စကားများကြောင့် သူကျောတွန့်သွားပြန်သည်။
"" ဒါနဲ့ စုန်းမကြီး ဒေါ်ပျော့ ဘီလူးကြီးကို ဖမ်းမယ်ဆိုပြီး ထွက်သွားလိုက်တာ ပေါ်မလာတော့ဘူး..သူရှုးံသွားတာလား...""
"" အေးလေ.. သူ့ပညာလေး မတောက်တခေါက်နဲ့ ငါ့လာပြိုင်တာ... လည်ပင်းကို လိမ်ချိုးပြီး ဝါးစား ပစ်လိုက်တယ်...မှတ်ကရော...""
"" ဘုရားဒကာ ကျောင်းဒကာကြီး ဦးမွှေး ကရောဗျ...သူလည်း သစ္စာဆိုတာပဲလား...""
""ဆိုတယ်လေ... သူ့ရဲ့ သစ္စာစကားက မှန်မှ မမှန်တာ ငါစားပစ်တာပေါ့...""
"" ရှင်နွဲ့ယောက်ျား...မောင်စံ ကရော...""
"" သူလည်း လူလိမ်..သေပေါ့...""
သူမေးသမျှကို ဘီလူးကြီးက မညီးမညူဖြေနေသည်။ဖြေသမျှတိုင်းကလည်း ကောင်းကွက်တစ်ခုမျှ မရှိ။ ကိုယ်ကျိုးနည်းပြီထင့်။
"" ဘုရား...ဘုရား... သူတို့တောင်... သစ္စာစကား အမှန်ဆိုမရဘူးဆိုတော့...ကျုပ်လို လူဆိုး လူမိုက် ကလေကချေက ဘယ်လို သစ္စာ ဆိုရပါ့ မလဲ...ဟီး...အီး.. ""
ပြောရင်းသူငိုချလိုက်သည်။
"" ဟာကွာ... မင်းကလဲ အသံဆိုးကြီးနဲ့ အော်ငိုနေတယ်... မင်းကို ငါ အခု မစားသေးဘူး... ငါမေးတာတွေ ဖြေဦး... ဆက်ငိုနေရင် အခု ဂုတ်ချိုးပစ်မှာ...""
သူ့ငိုသံ ချက်ချင်း တိတ်သွားသဖြင့် ဘီလူးကြီးက ကျေနပ်ဟန်ဖြင့် ပြုံးလိုက်သည်။ ပါးစပ်အတွင်းမှ ဝါဝါကျင်ကျင်သွားကြီးများပေါ်အောင်ပြုံးသည်မှာ ကြောက်စရာ။ ဘီလူးအပြုံးဆိုတာ ဒါဖြစ်မည်။
"" နေစမ်းပါဦး... မင်းကို ငါမေးထားတာ...ဒီသင်္ချိုင်းမှာ ငါရှိနေတာ သိလျက် မကြောက်မရွံ့ ဘာလို့လာတာလဲ ဆိုတာ မင်းမပြောရသေးဘူး... ငါ..စိတ်ဝင်စားတယ်... ပြောစမ်းကွာ... ""
"" ဟုတ်ပါပြီ ဘီလူးကြီးရယ်... ဘီလူးကြီး ဘီလူးကြီးနဲ့ ခေါ်ရတာ မကောင်းဘူး ဘီလူးကြီးမှာ နာမည် မရှိဘူးလား...""
"" ရှိတာပေါ့ကွ... ငါ့နာမည်က တာနော...""
"" ဟာ...ဒါဆို သူများတွေ ပြောနေတာ အမှန်ပေါ့... ""
""သူများတွေ က ဘာပြောတာလဲ... မင်းနဲ့စကားပြောရင်း ငါသိချင်တာတွေက များများလာတယ်...""
""ရွာသားတွေ ပြောတာ ... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီသင်္ချိုင်းမှာ တာနော ဆိုတဲ့ သုဘရာဇာ ကြီး တစ်ယောက်ရှိတယ်တဲ့... လူသေအလောင်းက အသားတွေကို အစိမ်းစားတယ်တဲ့... တစ်ရက်တော့ ဘယ်သူမှ မသိလိုက်ပဲ ပျောက်သွားလိုက်တာ... အခုမှ လူသားစား ဘီလူးကြီး အဖြစ် ပြန်ပေါ်လာတယ်တဲ့... အဲ့ဒါ အမှန်ဆို အရင်က သုဘရာဇာကြီး ဦးတာနောက အခုဘီလူးကြီး တာနောပေါ့...""
ကျီးဆို၏ စကားက မှန်သွားပုံ ရသည်။ ဘီလူးကြီးက အတိတ်ကို ပြန်တွေးနေဟန်ဖြင့် စဉ်းစားနေသည်။ပြီးမှ
"" ဟုတ်တယ်ကွ... ငါ လူသားတွေ အစိမ်းစားပြီး စိတ်ကြမ်းကိုယ်ကြမ်းတွေ ဖြစ်လာ... နောက်ဆုံးကွာ... မြေလျှိုးမိုးပျံတဲ့ ဘီးလူးကျင့်စဉ်ကို ကျင့်လိုက်တာ အောင်မြင်ပြီး မြေအောင်း၊ တိမ်စီးနဲ့ နေလာခဲ့တာ... အဲ့တာကြောင့် လူ့လောက မှာပျောက်နေတာ... င့ါတန်ခိုးတွေ အစွမ်းထက်လာတော့ နတ်မင်းကြီး တစ်ပါးက ဒီသင်္ချိုင်းကို အပိုင်စား ပေးလိုက်တာပဲ... အစက လူသေကောင်တွေပဲစားတာ... အားမရတော့ လူအရှင် ဖမ်းစားချင်လို့ နတ်မင်းကြီးကို လျှောက်တာ...ဒါပေမယ့် နတ်မင်းကြီးက လူအရှင်ကို စားရင် မှန်သောသစ္စာစကား ဆိုနိုင်သူကို လွှတ်ပေးရမယ်... အကယ်၍ သစ္စာ စကားမဆိုခိုင်းပဲ လက်လွတ်စပယ် ဖမ်းစားပါက ခေါင်းရှစ်စိတ်ကွဲ သေပါစေဆိုတဲ့ အမိန့်နဲ့ နေရတာကွ...""
သူလည်း အခုမှ အကြောင်းစုံ သိရပေတော့သည်။
"" ကဲ... ငါ့အကြောင်းတော့ မင်းသိသွားပြီ... မင်းအကြောင်း ပြောတော့ကွာ.. ""
"" ကျုပ်အကြောင်းက ထွေထွေထူးထူး မရှိပါဘူး... ကျုပ်နာမည်က ကျီးဆိုး... သက္ကတ ရွာသား စစ်စစ်... လူရှုပ် လူပွေ အရက်သမား ဆိုးပေ ဆိုပါတော့ဗျာ.. ဒီသင်္ချိုင်းကို ရောက်လာရတာ ကတော့.............
သူပြောသမျှကို ဘီလူးတာနောက မျက်လုံးကြီးများ ပေကလက် ပေကလက်နှင့် ဆောင့်ကြောင့်ကြီး ထိုင်ကာ နားစွံ့နေသည်။
-------------------------------------------------------------------
ကျီးဆိုး။
သက္ကတရွာမှ လူရှုပ် လူပွေ ခြေသလုံးအိမ်တိုင် အရက်သမား ကျီးဆိုး။
လူတကာ၏ ချဉ်ဖက်၊ ရပ်ရွာ၏ ကျဉ်ဖက် တစ်ယောက်ဖြစ်သည်။
အိမ်မရှိ၊ ယာမရှိ ဆွေမဲ့ မျိုးမဲ့ ၊ တစ်ကောင်ကြွက်၊ လူငမွဲလည်း ဖြစ်သည်။
ယခုလို ဘဝ မရောက်ခင်ကတော့ ကျီးဆိုး၏ မိဘ များသည် ရပ်ရွာ၏ လူကုံထံ ငွေကြေး ကြွယ်ဝချမ်းသာ သူများဖြစ်သည်။
မိဘများ ၏ အရှိန်အဝါ၊ အလိုလိုက်မှုများကြောင့် ဆိုးချင်တိုင်းဆိုး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေခဲ့သူ။
မိဘများ ဆုံးပါးသွားပြီးနောက် ဆိုဆုံးမ ထိန်းကျောင်းသူမရှိပဲ ပို၍ ဆိုးဝါးခဲ့သည်။အကွပ်မဲ့ကြမ်း ပရမ်းပတာ ဆိုသကဲ့သို့ သုံးချင်သလို သုံး ဖြုန်းချင်သလို ဖြုန်ခဲ့သောကြောင့် မိဘများ ချန်ခဲ့သော စည်းစိမ်များ ပြုတ်ပြုတ်ပြုန်းသွားကာ ယခုလို အခြေမဲ့ အနေမဲ့ အရက်သမား လုံးလုံးကြီး ဖြစ်သွားခြင်းဖြစ်သည်။အိမ်ထောင်မရှိ လူပျို လူလွတ်ဆိုတော့ ပို၍ အခြေလွတ် အနေလွတ် နေလေသည်။
ယခင် ငွေကြေးပေါကြွယ်ဝစဉ်က အတူ သောက်ဖော် စားဖက် အပေါင်းအသင်း မိတ်ဆွေများကလည်း ဖယ်ခွာလာကြပြီး ကျီးဆိုး တစ်ယောက်တည်း အဖော်မဲ့ အထီးကျန်လာသည်။
ထိုအခါ ကျီးဆိုးမှာ နာကျည်းစိတ်ဝင်လာပြီး ပို၍ ဆိုးဝါး သောင်းကျန်း ထင်ရာစိုင်းတော့သည်။
ဟိုနေရာမှာ စီခနဲ့ ဆို ကျီးဆိုး၊ ဒီနေရာမှာ ညံကနဲ့ ဆို ကျီးဆိုး၊ စိတ်ထင်တိုင်း မူးရူးရမ်းကားနေတော့သည်။ အသားက မည်းမည်း ၊ ဆိုးကလည်း ဆိုးလွန်း၍ မောင်ဖုန်းဟူသော နာမည်ရင်းပျောက်ကာ ကျီးဆိုး ဟူသော နာမည် တွင်လာခဲ့လေတော့သည်။
အရက်သောက်စရာ မရှိလျင် သူတပါး အိမ်က ပစ္စည်း ခိုးရောင်း၊ ကြက်၊ ဘဲ၊ ဝက် ၊ နွား တိရိစ္ဆာမကျန် ခိုးယူ သတ်ဖြတ် ရောင်းချ စားသောက်သည်။
ကျီးဆိုးမှာ ရပ်မနိုင်၊ ရွာမနိုင် သူကြီးမနိုင် ဖြစ်လာသည်။ သူကြီးအိမ်က ထိပ်တုံးလည်း ကျီဆိုး၏ အပေါင်းအဖော် ၊ အိပ်ယာလို ဖြစ်နေပြီ။ ကြာတော့ သူကြီးမှာ ကျီးဆိုးကို အိမ်မှာ ထိပ်တုံးခတ်ရလွန်းသဖြင့် ကြာမူပိုတတ်သော ဇနီးနှင့် ချစ်စရာကောင်းလှသော သမီးကို ကျီးဆိုးနှင့် ပတ်သတ်သွားမှာကိုပင် စိုးရိမ်လာပြီး စိတ်မချ ဖြစ်လာရသည်။
ထို့ကြောင့် တော်ရုံ ပြသနာ ဆိုလျင် ကျီးဆိုးကို ထိပ်တုံးပင် မခတ်တော့ ပစ်ထားလိုက်တော့သည်။ဖြစ်နိုင်လျင် ကျီးဆိုးကို ဤနေရာ၊ ဤအရပ်၊ ဤဝန်းကျင်မှာ မမြင်ချင်တော့သည့် ဆန္ဒမှာ သူကြီးဦးကောင်း တင်မက တစ်ရွာလုံး၏ ဆန္ဒပင်တည်း။
ထိုသို့ အကြောင်းကဆိုး၊ လူကဆိုးသည့် ကျီးဆိုး၏ ကံဆိုးမည့်နေ့တစ်နေ သို ရောက်လာခဲ့သည်။
""ရွာ သင်္ချိုင်းကို လူလွတ်ဖို့နဲ့ မီးတွင်းထဲ ဆုံးသွားတဲ့ ရှင်နွဲ့ အလောင်း မြေမြုပ်ဖို့ ကိစ္စ ဘယ်လို လုပ်ကြ မလဲ...သူကြီး...မကြာခင် မိုးလဲ ချုပ်တော့မယ်...""
"" အေး... ငါလည်း မလုပ်တတ်တော့ ဘူးကွာ... အကြံတွေလည်း ကုန်ပြီ... မင်းလဲ အကြံပေးပါဦးဟ....""
သက္ကတ ရွာသူကြီးဦးကောင်းနှင့် ရွာဆော် ချက်ကြီးတို့ ခေါင်းခြောက်နေသည့် ကိစ္စတစ်ခု တီးတိုး တိုင်ပင်နေကြခြင်းဖြစ်သည်။ သူတို့ နှစ်ဦးမှာ အကြံတူ ဉာဏ်တူ ပုလင်းတူ ဗူးဆို့ ဆရာ တပည့်များလည်း ဖြစ်သည်။
"" ရွာကျောင်း ဘုန်းဘုန်းကို လွှတ်ပြီး ဘီလူးကို ဆုံးမ ခိုင်းပါလား...သူကြီး...""
""ဟာ... မဖြစ်ဘူးကွ... ဆရာတော်ကပြောတယ်... သူကိုယ်တိုင်က ဈန်သမာပါတ်ရတဲ့ ရဟန္တာမဟုတ်လေတော့ ဘီလူးကို နှိမ်နင်း ဆုံးမ ဖို့ရာ မတတ်သာဘူးတဲ့... အကြံရှိရင်တော့ ပေးမယ် လို့ အပြီး မိန့်ထားတယ်... ""
"" ဟာ...ဒါဆို သူကြီး သွားဗျာ... ""
""ငါ သွားရင် သေမှာပေါ့ဟ...""
"" ဟာ... သူကြီးကလည်း... သစ္စာစကားဆိုရင် ဘီးလူးက စားမရဘူးဆို... သူကြီးလည်း သစ္စာဆိုပေါ့... ကျွန်ုပ်သည် ဤ သက္ကတရွာကြီးနင့် ရွာသူရွာသားများ အပေါ် သမာသမတ်ကျကျ ၊ တရားနည်းလမ်းကျကျ အုပ်ချုပ်ပါသည် ။ ဤ မှန်သော သစ္စာစကားကြောင့် အဲ့ဒီလို သစ္စာဆိုပေါ့ သူကြီးကလဲ... ""
"" ဟဲ့ကောင် ချက်ကြီးရ... ငါလည်း ဒီရွာကို အုပ်ချုပ်တဲ့အခါ တစ်ခါတစ်လေ လက်ဆောင်ပဏ္ဍာတွေနဲ့ လာပြီး လာဘ်ထိုးရင် နည်းနည်းပါးပါး ဘက်လိုက်ပြီး စီရင်တာတွေ ရှိတယ်ဟ... အဲ့ဒီလို သစ္စာဆိုရင် ငါ ဘီလူးစာ မိပြီပေါ့... ဒီလောက် အပြောကောင်းတာ မင်းသွားပါလား...""
သူကြီးဦးကောင်း က ချက်ကြီးကို ပြန်၍ ချောက်တွန်း သဖြင့် ချက်ကြီး မချိသွားဖြဲ ဖြစ်သွားသည်။
"" ဟဲ..ဟဲ... ကျုပ်လည်း သူကြီး နည်းနှင် ပါပဲ ဗျာ... ဘာ မှန်ကန်တော်တည့်တဲ့ အလုပ်မှ ကောင်းကောင်း မလုပ်ဖူးသေးဘူး... ကျုပ်တို့ မပြောနဲ့လေဗျာ... ဘရားဒကာ ကျောင်းဒကာ ဘုရားလူကြီး ဦးမွှေးတောင် ဘာ အမှားအယွင်း လုပ်မိလည်း မသိဘူး... ဘီလူးစာ မိတာပဲ မဟုတ်လား...""
"" အေးကွ... ဟုတ်တယ်... စုန်းမကြီး ဒေါ်ပျော့လည်း...ဘီလူးနဲ့ ပညာပြိုင်မယ် ဆိုပြီး သင်္ချိုင်းဝင်သွားပြီး ပျောက်သွားလိုက်တာကွာ... အစတောင် ရှာမတွေ့ဘူး... ရှင်နွဲ့ ယောက်ျားလို လူရိုး လူကောင်းလေးလဲ ဘီလူး လက်စာ မိတာပဲ...ဘယ်လို လူမျိုးနဲ့မှ ဘီလူးကို တားနိုင်မလဲ မသိဘူး...ငါလည်း တော်တော် ခေါင်းခြောက်နေပြီ...""
ရွာသူကြီး ဦးကောင်း စိတ်ပျက်လက်ပျက် ညည်းညူ နေမိတော့သည်။
"" ဟင်း...ဟင်း...အား.. သူကြီးရေ ကျုပ်တကိုယ်လုံး နာကျင် ကိုက်ခဲ တုန်ယင်နေပြီ... အရက်ကလေး နည်းနည်း လောက် တိုက်ပါလားဗျာ...အရက်မသောက်ရရင် သေတော့မယ် ဗျ...""
သူကြီး အိမ်အောက်မှာ ထိပ်တုံးခတ်ခံထားရသော ကျီးဆိုး၏ ယင်းထသံက ထွက်ပေါ်လာသည်။
"" ဟာ..ဒီမှာ ခေါင်း မီးတောက်နေရတဲ့ အထဲ ဒီ သောက်ငမူးက တစ်မျိုး....""
သူကြီးက ဒေါသထွက်ထွက်နှင့် ကျီးဆိုးကို ဆဲဆိုကြိမ်းမောင်းသလောက် ရွာဆော် ချက်ကြီး၏ မျက်နှာက ဝင်းခနဲ့ ဖြစ်သွားသည်။
"" သူကြီး...သင်္ချိုင်း လူလွတ်ဖို့ ကိစ္စ ကျုပ်အကြံရပြီဗျ...""
"" ဟေ... ဟုတ်လား... မင်းအကြံက သင့်တင့် ကောင်းမွန်ရဲ့လား....ဆိုစမ်းပါဦး... ဘယ်လို အကြံလဲ ဆိုတာ...""
ချက်ကြီးက မိန့်မိန့်ကြီးပြုံး၍ ခေါင်းတဆတ်ဆတ် ငြိမ့်ပြသည်။ သူကြီး ဦးကောင်း မျာက်နှာက အားတက်သရော ဟန်အပြည့် နှင့် ချက်ကြီးထံမှ စကားကို ငံ့လင့်နေသည်။
"" ဒီ ဆန်ကုန်မြေလေး ကျီးဆိုးကို သင်္ချိုင်းလွှတ်ရင် မကောင်းဘူးလား... သူကြီး စဉ်းစားကြည့်လေ...ဒီကောင် မရှိတော့ရင် သူကြီးတင်မက ရွာသားတွေလဲ စိတ်အနှောင့်အယှက် ကင်းရတယ် မဟုတ်လား... ဘာပဲ ဖြစ်ဖြစ် တပတ်လောက်တော့ ဘီလူးရန်ကလည်း အေးတယ်လေ...""
"" အေးကွ... မင်းအကြံ မဆိုးဘူး..ချက်ကြီး...ဒါပေမယ့်...ဒီကောင် သွားပါ့မလား... ""
ချက်ကြီးက စိတ်မပူနှင့် ဟူသော သဘောဖြင့် လက်ကာပြသည်။
"" ဒီကောင် အရက်နဲ့ မြူဆွယ်ရင် ငရဲ ပြည်လဲ သွားမှာပဲ... အခုအချိန်ဆို ပိုတောင် ကောင်းသေး...သူကြီး ၃ ရက်လောက် ချုပ်ထားတော့ အရက်မသောက်ရလို့ ယင်း တအား ထနေပြီ... အချိန်ကောင်းပဲ... ""
"" အေး.. ဒါဆို မြန်မြန် လုပ်မယ်ကွာ...""
ဆရာတပည့်နှစ်ယောက် စိတ်တူကိုယ်တူ အကြံကို အကောင်အထည်ဖော်ရန် ကြိုးစားကြတော့သည်။
"" ကျီးဆိုး... ဟေ့ကောင်...ကျီးဆိုး...ဒါ ဘာလဲ...ကြည့်စမ်း...""
ယင်းထ၍ တစ်ကိုယ်လုံး မလှုချင်အောင် နာကျင် ကိုက်ခဲ ပြီး မှေးနေသော ကျီးဆိုး၏ နှာခေါင်း ဝသို့ အနံ့တစ်ခုက မြူဆွယ်လာသည်။ ကျီးဆိုး အရမ်း ရင်းနှီးယဉ်ပါးက နှစ်ခြိုက်လှ သော အနံ့။
ဖြူဆုတ်နေသော ကျီးဆိုး၏ မျက်နှာတွင် သွေးရောင် ချက်ချင်း လွှမ်းလာပြီး မျက်လုံးမှာလည်း မျှော်လင့်ချက် အရောက်များ ဝင်းလက်လာသည်။
"" အရက်... အရက်နံ့ပဲ... ကျုပ်ကို...တိုက်ပါ... တိုက်ပါဗျာ.. ""
ကျီးဆိုးမှာ သားရေတမြားမြား လျှာတသပ်သပ်နှင့် မိမိ မျက်စိရှေ့၌ ရွာဆော် ချက်ကြီး ဝေ့ယမ်းပြနေသော အရက်အိုးကို အာသာငမ်းငမ်း လိုက်ကြည့် နေသည်။ မလှမ်းမကမ်း၌ သူကြီးဦးကောင်းက ကျီးဆိုး အခြေအနေကို မသိမသာ အကဲခတ်နေသည်။
"" မင်း...ဒီ အရက်ကို အရမ်း သောက်ချင်တာပဲလား... ""
""သောက်... သောက်ချင်တာပေါ့... ""
ကျီးဆိုးက ခေါင်းကို ပုတ်သင်ညိုလို တဆတ်ဆတ်ညိတ်ပြသည်။
"" မင်းသောက်ချင်ရင်... အဝ တိုက်မယ်ကွာ... ဒါပေမယ့်... မင်း အလုပ် တစ်ခု လုပ်ပေးရမယ်...""
"" ပြော... ပြော... ဘာလုပ်ပေးရမလဲ... ""
"" မင်း..ဒီည သင်္ချိုင်းထဲမှာ မီးတွင်းထဲ ဆုံးသွားတဲ့ ရှင်နွဲ့ အလောင်းကို သွားမြုပ်ပေးရမယ်....""
ကျီးဆိုး မျက်နှာ ရှုံမဲ့ သွားသည်။
"" ခင်ဗျားတို့ ကျုပ်ကို သေတွင်း ပို့နေတာပဲဗျ... ဒီသင်္ချိုင်းမှာ လူသားစားတဲ့ ဘီလူး ရှိတာ ကျုပ်မသိဘူးများ ထင်နေလား... ကျုပ်က မူးသာ မူးတာ... ဒီသင်္ချိုင်းထဲ ခြေဦးတောင် မလှည့်ဘူးဗျ... ဘီလူးစည်း... အရက်သမားစည်း... ကိုယ့်စည်းနဲ့ ကိုယ်နေတာ... မသွားဘူးဗျာ မသွားဘူး...""
ဒီလောက်တော့ ကျီးဆိုး ပါးသည်။ အကြောက်အကန် ငြင်းလိုက်တော့ ချက်ကြီးက ဒေါသထွက်သွား ဟန်တူသည်။
"" အေး... မင်း မသွားချင်လည်း ကိစ္စမရှိဘူး... အရက်မသောက်ရဘူး... နောက်ဆုံး မတတ်နိုင်ရင် မင်းကို ခြေထိပ် တန်းလန်နဲ့ သင်္ချိုင်းထဲ သွားပစ်ထားလဲ ရတာပဲ... ဒီက ရွာသားတွေ ဘယ်သူမှ ကန့်ကွက်မှာ လည်း မဟုတ်ဘူး... မင်းစဉ်းစားပေါ့... ""
တကယ်လုပ်မည့်ဟန်ဖြင့် ပြောနေသော ချက်ကြီး စကားကြောင့် ကျီးဆိုး တွေဝေသွားသည်။
"" ခင်ဗျားတို့ အဲ့ဒီလိုတော့ မယုတ်မာနဲ့ လေဗျာ... ""
"" မတတ်နိုင်တဲ့ အဆုံးဆိုရင်တော့ ယုတ်မာသင့်ရင်...ယုတ်မာရမှာပဲ... မင်း ကောင်းကောင်းမွန်မွန် သွားမယ်ဆိုရင်တော့ မင်းသောက်ချင်သလောက် အရက်ကို.ငါနဲ့ ရွာသားတွေ စုပြီး ဝယ်ပေးလိုက်မယ်.... ကြိုက်သလောက်သာပြော....""
ချက်ကြီးက ချော့လိုက် ခြောက်လိုက် အရက်ဖြင့် မြူဆွယ်လိုက် လုပ်နေသည်။
"" အေး... ချက်ကြီးက ...မင်းလိုသလောက် အရက်ဝယ်တိုက်သလို... မနက်ဖြန် သင်္ချိုင်းက ပြန်ထွက်လာရင်... ငါ့ဆီမှာ မင်းလိုချင်တဲ့... အခွင့်အရေး တစ်ခုတောင်း... ငါ ဖြည့်ဆည်းပေးမယ်...""
သူကြီးဦးကောင်း နှင့် ရွာဆော် ချက်ကြီးတို့၏ အမျိုးမျိုး လှည့်လည် ပြောဆိုမှုများကြောင့် နောက်ဆုံးတွင် ကျီးဆိုး သင်္ချိုင်းအတွင်း သွားရန် သဘော တူလိုက်သည်။
"" ကဲ... ဒါဆိုလည်း သွားမယ်ဗျာ... ဒါပေမယ့် သူကြီး ကတိ တည်ပါစေနော်... ကျုပ် သင်္ချိုင်းထဲက ပြန်ထွက်လာနိုင်ခဲ့ရင် သူကြီး သမီးနဲ့ ကျုပ်ကို လက်ထပ် ထိမ်းမြားပေးရမယ်... ဘယ်လိုလဲ...""
ကျီးဆိုးက ရသည့် အခွင့်အရေးကို တစ်ခါတည်း တောင်းဆို လိုက်တော့ သူကြီး မျက်နှာပျက်သွားကာ ဒေါသ တကြီး ဖြစ်သွားသည်။
"" ဘာကွ... သူတောင်းစား ငမူး... ထင်တော့ ထင်သား... ဒီကောင် ငါ့သမီးးကို ကြံစည်နေလား မသိဘူလို့...မင်းလိုကောင်မျိုးနဲ့ ငါသမီး မပေးစားနိုင်ဘူးကွ...မပေးစားနိုင်ဘူး...""
"" ဟော... အခုပဲကြည့် ... သူကြီး ကတိမတည်နိုင်ဘူး... ဒါဆို ကျုပ်လည်း မသွားနိုင်ဘူး... ကျုပ်ကို အတင်း သင်္ချိုင်းထဲ ပို့ရင် ကိုယ့်ဟာကိုယ် လျှာကိုက်ဖြတ်ပြီး....သတ်သေလိုက်မှာ... ဘီလူး လိုချင်တာက လူအရှင်ဆိုတော့...ကျုပ်သေသွားရင်... တစ်ရွာလုံး ဒုက္ခရောက်ပြီ.. ""
သူကြီး အကြပ်ရိုက်သွားသည်။ ချက်ကြီးက သူကြီးနား သွားကာ မသိမသာလေး လက်ကုပ်၍
"" သူကြီးကလဲ.. သဘောတူလိုက်စမ်းပါ... လူကောင်း သူကောင်းတွေတောင် ပြန်မလွတ်နိုက်တဲ့...ဘီလူးလက်ထဲက... ဒီငမူး ဘယ်လို လွတ်မလဲ...အဓိကက သင်္ချိုင်းထဲကို ဒီကောင် ကြည်ကြည်သာသာ သွားဖို့ပဲ... ""
"" အေးကွ...ဒါလဲ ဟုတ်တာပဲ...""
အကျိုးအကြောင်း ဆီလျော်သော ချက်ကြီး စကားကြောင့် နောက်ဆုံးတွင် သူကြီးလည်း လက်ခံသဘောတူလိုက်သည်။
"" ကဲ...ကဲ... ကျီးဆိုး... မင်း.. လိုချင်တဲ့ အတိုင်း ဖြစ်စေရမယ်ကွာ... ငါသဘော တူတယ်...""
----------------------------------------------------
""အဲ့ဒါပါပဲ...တာနောကြီးရယ်... ကျုပ်လဲ သင်္ချိုင်းထဲကို မလာချင့် လာချင်နဲ့ လာခဲ့ရတာပဲ... ရွာသားတွေ ဝယ်ပေးလိုက်တဲ့ အရက်တွေ ဝအောင်သောက်... ရှင်နွဲ့ အလောင်းကို မြုပ်ပြီးတော့... ခင်ဗျား ဖမ်းတာ ခံရတာပဲဗျာ...""
ကျီးဆိုး က သူ့စကားကို အဆုံးသတ်လိုက်သည်။ ဘီလူးကြီးက ကျီးဆိုး အကြောင်းကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရာမှ
"" အော်... ဒါဆို မင်းက ရွာမှာ ဘာမှ အသုံး မဝင်တဲ့ ငမူး ငရူး တစ်ယောက်ပဲ... မင်းကို ငါစားလိုက်လို့လဲ ဘယ်သူမှ နစ်နာ သွားစရာ အကြောင်း မရှိပါဘူး... မင်းနဲ့ စကားပြောကောင်းနေတာ... မကြာခင် အာရုဏ်တောင် တက်တော့မယ်... ငါ့ဗိုက်လဲ ပြန်ဆာလာပြန်ပြီ... မင်းကို ငါ စားတော့မယ်... လာခဲ့.. ""
ပြောပြော ဆိုဆို ဘီလူးကြီးက ပါးစပ်ကြီးကို ဖြဲကာ ဟကာဖြင့်ကျီးဆိုးကို လက်နှစ်ဖက်ဖြင့် ခေါင်းနှင့် ခြေမှ ဖမ်းကိုင်ကာ နှစ်ပိုင်းဆြွဲဖတ်ရန် ပြင်တော့သည်။
"" ဟာ...ဟာ... နေဦးလေဗျာ... ခင်ဗျားပြောတော့... သစ္စာ ဆိုပြီး လွတ်ခွင့် ရှိတယ်ဆိုဗျ...""
အကြောက်အကန် ရုန်းကန်ရင်း ကျီးဆိုး စောဒက တက်လိုက်သောကြောင့် သတ်စားရန်ကြံနေသော ဘီလူးကြီး တချက် တန့်သွားသည်။
"" လူကောင်း သူကောင်းဆိုတဲ့ လူတွေတောင် တော်တည့်မှန်ကန်တဲ့ သစ္စာ စကား မဆိုနိုင်တာ မင်းလို လူဆိုး သူခိုး တစ်ကောင် က ဘယ်လို သစ္စာ ဆိုမှာလဲ...""
"" ဘာပဲ ဖြစ်ဖြစ်ဗျာ... ယောက်ျားတို့ ဇွဲ သေခါမှ လျှော့တဲ့... ကျုပ်လဲ ကျုပ်လွတ်ရာလွတ်ကြောင်း အတွက် ကြိုးစား ရမှာပဲ...""
"" ကဲ.. ဒါဆိုလည်း... မင်းအခွင့် အရေးပဲ ဆိုကွာ...""
ဟု ဆို၍ ဘီလူးကြီးက ဖမ်းချုပ်ထားသော ကျီးဆိုးကို လက်အတွင်းမှ လွတ်ပေးလိုက်သည်။
"" ဒါနဲ့ တစ်ခုလောက် မေးပါရစေအုံး... ဘုရားဒကာကြီး ဦးမွှေး က ဘယ်လို သစ္စာဆိုလို့ အစားခံရတာလဲ...ဗျ...""
"" သူက ဘုရား စေတီ ပုထိုး ကျောင်းကန်များကို သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခဲ့ပါသည် ... လို့ ဆိုတယ် လေကွာ... ""
"" ဟုတ်တာပဲလေဗျာ... ဘာမှားလို့ လဲ...""
"" ဟ...မင်းဘာသိလို့လဲ... ဒီလူကြီး... ဘုရား၊ ကျောင်း၊ ကန် တွေအတွက် ရွာထဲက အလှူငွေအချို့ကို ကိုယ်ကျိုးအတွက် အသုံးချ ခိုးယူထားတာ.. မင်းမှ မသိပဲ... ဒါ့ကြောင့် သူသစ္စာ မမှန်လို့ ငါ သတ်စား ပစ်တာ...""
"" အော်... ဒီလို ကြီးလား...""
ဘီလူးကြီးတာနောပြောမှ ကျီးဆိုးလည်း ဦးမွှေး၏ သူတော်ကောင်း ယောင်ယောင် အကျင့်များကို သိရတော့သည်။
"" ဒါဆို... ရှင်နွဲ့ယောက်ျား မောင်စံကကော...""
"" ဒီကောင်လဲ လူလိမ်... ဘာတဲ့... မိန်းမကို သစ္စာရှိရှိဖြင့် ချစ်ခင် မြတ်နိုးခဲ့ပါသည်တဲ့... ""
"" ဟုတ်တာပဲလေဗျာ... မောင်စံက လူရိုးလူအေးပါဗျ...""
"" ဘာ လူရိုးလူအေးလဲ.. မိန်းမကိုယ်ဝန်ရှိနေတော့ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး ရွာလည်က မုဆိုးမ မကြင် နဲ့ ခိုးပြီး မျောက်ဇာတ်ခင်းနေတာ... မင်းတို့ တစ်ရွာလုံး မသိဘူး မဟုတ်လား.. ဒါတောင် ဒီကောင် ခယ်မ ဖြစ်တဲ့ ခင်နွဲ့ကိုတောင် ကြံချင်သေးတာ...သေတာ နည်းသေးတယ်...""
ဘီလူးကြီး တာနော ပြောသမျှသည် ကျီးဆိုးအတွက် အံသြစရာတွေချည်း ဖြစ်နေသည်။
"" ဟူး... ခင်ဗျားပြောမှပဲ သူတော်ကောင်း အယောင်ဆောင် ကြောင်သူတော် ကြွက်သူခိုးတွေ အကြောင်း သိတော့တယ်ဗျာ...""
"" ဒါ အကင်းပဲ ရှိသေးတာ... မင်းတို့ တစ်ရွာလုံးကလူတွေ လူကောင်းသူကောင်းက ခပ်ရှားရှားရယ်... မင်းလဲ အတူတူပဲ... ကဲ...ကဲ... ကြာတယ်ကွာ...ငါဗိုက်ဆာနေပြီ... မင်း အခွင့်အရေးအရ လုပ်စရာရှိတာ မြန်မြန် လုပ်တော့... ""
ဘီလူးကြီး တာနော၏ ဆော်အောနေသဖြင့် ဟိုတွေးဒီတွေးနှင့် အကြံထုတ်နေသော ကျီးဆိုးသည် ခပ်တည်တည်ပင် မြေကြီးပေါ် ဒူးထောက်ချ၍ ရှေ့မှာ မြေသားများကို လက်အတွင်း ဆုပ်ကိုက်၍ ကောင်း ကင်သို့ မော့ကာ
"" အကျွနုပ်သည် ဤမဟာပထဝီ မြေကြီးနှင့် ကောင်းကင်သက်သေတည်ပြီး လောကပါလနတ်မင်းအပေါင်းတို့အား တိုင်တည်၍ မှန်ကန်သော သစ္စာစကားဆို ဆိုပါမည်... အကျွန်ုပ်သည်.....................................................
အစပြု၍ ဆိုလိုက်သော ကျီးဆိုး၏ သစ္စာဆိုသံသည် သင်္ချိုင်းဝန်းအတွင်းတွင် ပျံလွင့်နေလေသည်။
---------------------------------------------------
နံနက်မိုးသောက်၍ အရှေ့အရပ်မှနေဝန်းကြီး ကောင်းကင်မှ ထွက်ပေါ်လာချိန်တွင် သင်္ချိုင်းအတွင်းမှ မြေအိုးကြီး တစ်လုံးထမ်းကာ ပြုံးရွှင်သည့် မျက်နှာထားနှင့် ထွက်လာသော ကျီးဆိုးကို သက္ကတရွာသားအချို့ တွေ့လိုက်ကြရလေသည်။
"" ဟာ... ဟိုမှာ ကျီးဆိုး...မသေဘူးဟ... သင်္ချိုင်းထဲက ပြန်ထွက်လာတယ်...""
"" ဘီလူးအစားမခံဘူးလား မသိဘူး... ဒါမှ မဟုတ် တစ္တေလာခြောက်တာလား... မသေတဲ့ အပြင် မျက်နှာကလည်း ပြုံးလို့ ရွှင်လို့...""
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သူကြီး နှင့် ရွာဆော် ချက်ကြီးထံ သတင်းရောက်သွားပြီး ဆရာတပည့် နှစ်ယောက်လုံး ကျီးဆိုး ရှိရာသို့ အပြေးအလွှား လိုက်လာကြသည်။ ယုတ်စွ အဆုံး ရွာကျောင်း ဆရာတော်ပင် ရောက်လာပြီး ကျီးဆိုး အနီးတွင် လူများ စုရုံး နေကြတော့သည်။
""ကျီး... ကျီးဆိုး...မင်း... မင်း မသေဘူးလား...""
သူကြီးမှာ အံ့သြသည့် စိတ်ကို ထိန်းမနိုင် သိမ်းမရဖြစ်ကာ နှုတ်မှ ထုတ်မေးမိသည့် အထိ။
"" မသေလို့ ပြန်တွေ့တာလေဗျာ... ကဲ... သူကြီးကတိ အတိုင်းပဲနော်.. . သူကြီးသမီး မြလေးနွယ်နဲ့. လက်ထပ် ထိမ်းမြားပေးဖို့ ပြင်တော့...""
"" အေးပါကွာ... အေးပါ... ငါ့ကတိနဲ့...ငါ ဆိုတော့ ပေးစားရတော့မှာပေါ...ဒါနဲ့ မင်း ကို ဘီလူးက ဒုက္ခမပေးဘူးလား....""
"" ဒုက္ခမပေးတဲ့ အပြင် ဒီမှာတွေ့လား... ရွှေအိုးတောင် ပေးလိုက်သေးတယ်....ကျုပ် တစ်သက် စားလို့တောင်မကုန်ဘူး... ကျုပ်သူဌေး ဖြစ်ပြီဗျ.. ""
ကျီးဆိုးက ပုခုံးပေါ်၌ ထမ်းထားသော မြေအိုးကြီးကို အောက်ချပြသည်။ မြေအိုးကြီးထဲတွင် ရွှေဒင်္ဂါး၊ ငွေဒဂါင်္းများ အပြည့်ရှိနေသည်ကို ရွာသူရွာသားများအားလုံး အံ့သြထူးဆန်စွာ တွေ့လိုက်ကြရသည်။
"" ဒါဆို... ဘီလူး...ဘီလူးကြီးကော...""
စိုးရွံ့ပူပင်ဟန်ဖြင့် ကျီးဆိုးကိုဝိုင်းမေးကြသည်။
"" ပူမနေနဲ့... သင်္ချိုင်းထဲမှာ ဘီလူကြီး မရှိတော့ဘူး တော့ဘူး...ကျုပ်မောင်းထုတ် လိုက်ပြီ....ဒီနေ့ကစပြီး ရွာသားတွေ အေးအေးချမ်းချမ်းနေလို့ရပြီ....""
ကျီးဆိုး၏ စကားကြောင့် အားလုံး အံအား သင့်ကုန်ကြသည်။ ယုံကြည်၍တော့ မဟုတ်ကြချေ။
"" ကြည့်လည်း လုပ်ပါဦး ကျီးဆိုးရာ... ဘယ်သူမှ မနိုင်တဲ့ ဘီလူးကြီးကို မင်းလို ငမူးငရူး တစ်ယောက်က မောင်းထုတ်တယ် ဆိုတော့...ယုံအောင် ရှင်းစမ်းပါဦးဟ...""
သူကြီးက မြင်ပြင်းကပ်စွာ ခွန်းတုန့်ပြန်ရင်း အ ကြောင်းစုံ ရှင်းခိုင်းနေသည်။
"" ဘယ်သူမှ မယုံရင် ကျုပ်အကြောင်းစုံ ပြောပြမယ်...ဒီလိုဗျ.....""
ကျီးဆိုးက သင်္ချိုင်းအတွင်း ရှင်နွဲ့အလောင်းကို မြုပ်ရင်း ဘီလူးကြီးတာနောနှင့် တွေ့ပုံ၊ အဖမ်းခံရပုံ၊ စကားပြောကြပုံ၊ နောက်ဆုံး သစ္စာဆို၍ လွတ်အောင်ကြံပုံ တို့ကို အကြောင်းစုံ ပြောပြလိုက်သည်။
""တကယ်တော့ သစ္စာစကားဆိုတာ မုသားမပါပဲ မှန်ကန်သော စကားကို လောကပါလ နတ်မင်းတွေထံ တိုင်တည်ပြောဆိုခြင်းဟာ သစ္စာ စကားပါ... ကျုပ်ဆိုတဲ့ သစ္စာစကားဟာ မှန်ကန်ထိရှလေတော့ နောက်ဆုံး ဘီလူးကြီးက ကျုပ်ပြုသမျှ နုရတော့တာပဲ... ""
""မဖြစ်နိုင်တာတွေပါကွာ... ကြွားနေတာ...""
"" ဘယ်သူမှ မနိုင်တဲ့ ဘီလူးကို သူ့လို ငမူးငရူးက သစ္စာဆိုပြီး အနိုင်ယူလိုက်တယ်တဲ့... သူပြုသမျှတောင် နုရသေးတယ် ဆိုပဲ... အလကားပါကွာ...အရူးချီးပန်း လျှောက်ပြောနေတာ...""
တီးတိုးဝေဖန်သံများကို ကျီးဆိုးက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။
"" ခင်ဗျားတို့ မယုံကြဘူးနော်...မနက်ခင်း အုံးမောင်းသုံးချက်လောက်က ခင်ဗျားတို့ မြေကြီးလှုပ်သံတွေ၊ မိုးခြိမ်းသံတွေ မကြားကြဘူးလား...""
ကျီးဆိုးအမေးကြောင့် အားလုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။
"" အေး ကြားတော့ ကြားတယ်....တော်တော်လေးလည်း ပြင်းထန်တယ်... အဲ့ဒါ ဘာဖြစ်လဲ...""
"" ဘာဖြစ်ရမှာလဲ... အဲ့ဒါ ကျုပ်သစ္စာဆိုတာ မှန်ကန်ထိရောက်လေတော့ လောကသစ္စာစောင့် နတ်မင်းက မြေငလျင်လှုပ် မိုးခြိမ်းပြီး ကောင်းချီးပေးတာနေမှာပေါ့... မြေငလျင်လှုပ် မိုးခြိမ်းသံတွေလဲ ဆုံးရော ဘီလူးကြီးရဲ့ ထန်းပင်လောက်မြင့်ပြီး ကြီးမားတဲ့ ကိုယ်လုံးကြီးက တဖြည်းဖြည်း သေးငယ်သွားပြီး တစ်ထွာလောက် အရွယ် ဖြစ်သွားရော... ပြီးတော့ ကျုပ်ခိုင်းသမျှ လုပ်ရတာပဲ... ကျုပ်လဲ ဇရပ်တိုင်နဲ့ သူ့ခေါင်းကို အကြိမ်ပေါင်းများစွာ ပြေးဆောင့်ခိုင်းတာ... ကြာတော့ သူလည်း ခံနိုင်တဲ့ပုံ မပေါ်တော့ဘူး...ကျုပ်ကို ရှစ်ခိုး တောင်းပန်တော့ပါပဲ... သူ့ကို လွတ်ပေးဖို့နဲ့ သူမှာရှိတဲ့ ရတနာ့အပြည့်အိုးကြီး ပေးပါ့မယ်၊ နောက်ပြီး ဒီသင်္ချိုင်းကိုလဲ နောက်မလာတော့ပါဘူး ဆိုပြီး တောင်းပန်တော့တာပဲ...နောက်ဆုံး ကျုပ်လဲ သနားတာနဲ့ သူပြတဲ့ ဇရပ်အောက်က မြေကြီးနေရာက ရတနာအိုးကို တူးယူပြီး သူ့ကို လွတ်ပေးလိုက်တာပဲ....""
ကျီးဆိုးစကားကို အားလုံးမှာ စိတ်ဝင်စားစရာ ထူးဆန်းသည့် ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသကဲ့သို့ မှင်သက်စွာ နားထောင်နေကြသည်။ အမျိုးမျိုး တီးတိုး ဝေဖန်ကြသည်။ မယုံတစ်ဝက် ယုံတစ်ဝက်လည်း ဖြစ်နေကြသည်။သို့သော် ဘီလူးပေးလိုက်သည် ဆိုသော ရွှေအိုးကလည်း ကျီးဆိုး လက်ထဲမှာ လက်တွေ့ရှိနေ၍ လုံးဝမဖြစ်နိုင်ဟူ၍ ငြင်းမရချေ။
"" နေပါဦး ဒကာ ကျီးဆိုးရဲ့... ရွာထဲက ဘုရားဒကာ၊ ကျောင်းဒကာ၊ လူရိုးလူကောင်းတွေတောင် မနိုင်တဲ့ ဘီလူးကို ဒကာက ဘယ်လို သစ္စာစကားတွေဆိုပြီး အနိုင်ယူခဲ့တာလဲ... ရွာသူရွာသားတွေ လေ့လာနည်းယူရအောင် ပြောပြပါဦး... ""
ရွာကျောင်း ဘုန်းဘုန်းပင် မနေနိုင်မထိုင်နိုင်ဖြစ်ကာ ဝင်ရောက်မေးမြန်းတော့သည်။
"" ဘယ်လိုသစ္စာဆိုလဲ ဆိုတော့.....
ကျီးဆိုးသည် ညက သစ္စာဆိုခဲ့သော ပုံစံအတိုင်း ဒူးထောက်ကာ မြေကြီးကို လက်ဖြင့်ယူ၍ လက်ဝါးပေါ်တင် မြှောက်ကာ ကောင်းကင်သို့ ခေါင်းမော့၍ မာန်ပါပါနှင့်
..... "" အကျွန်ုပ်သည် ဤမဟာပထဝီ မြေကြီးနှင့် စကြာဝဠာကောင်းကင်အားသက်သေတည်ပြီး လောကပါလနတ်မင်းအပေါင်းတို့အား တိုင်တည်၍ မှန်ကန်သော သစ္စာစကားဆို ဆိုပါမည်... အကျွန်ုပ်သည်...
.... အကျွန်ုပ်သည် လောကကိုသော် လည်းကောင်း ရပ်ရွာကိုသော် လည်းကောင်း ကောင်းကျိုးမပြုသည့် လူဆိုး လူမိုက်တစ်ယောက် ဖြစ်ပါသည်။
.... သူတော်ကောင်း တို့ ကျင့်ကြံအပ်သည့် ငါးပါးသီလတည်းဟူသော ကျင့်ဝတ်သိက္ခာကိုလည်း စောင့်ထိန်းခြင်း မရှိသော လူ့ဗာလ ဖြစ်ပါသည်။
.... သူတပါး အသက်ကို ရက်စက်စွာ သတ်ဖြတ်ပြီး စားသုံးခြင်း
.... သူတပါး ပစ္စည်းဥစ္စာကိုလည်း မမြင်ကွယ်ရာ ခိုးယူ ရောင်းချ သုံးစွဲခြင်း
.... သူတပါး သားသမီး၊မယားကို ကာယကံအားဖြင့် ပစ်မှား ကျူးလွန်ခြင်း မရှိသော်လည်း ဝစီကံ မနောကံ အားဖြင့် ပစ်မှား ကျူးလွန်မိခြင်း
.... ဘဝတစ်လျှောက်လုံး ပြောခဲ့သမျှစကားများတွင် မုသာဝါဒါတည်းဟူသော အလိမ်အညာ ကင်းသည့် စကား အလွန်နည်းပါး၍ ယခု သစ္စာဆို သောစကားသာလျင် ဘဝတွင် အမှန်ကန်ဆုံး စကားဆိုခဲ့ဖူးခြင်း
.... သူရာ သေရည်အရက်ကိုလည်း နေမရှောင် ညမရှောင် မှီဝဲသုံးစွဲ၍ မူးယစ်ရမ်းကားခြင်း စသည့် သီလတို့ကို ဖောက်ဖျက်ကျူးလွန်နေသည့် လူဆိုး လူမိုက်တစ်ယောက်ဖြစ်ပါကြောင်း မှန်ကန်စွာဖွင့်ဟ သစ္စာဆိုပါသည်။
အကျွန်ုပ်၏ အကုသိုလ်အပြစ်များသည် နောက်ဘဝတွင်သာ ငရဲ၌ အပြစ်တို့ကို ခံစားထိုက်ပါသည်။ ယခုအခါ အသားစား ဘီလူးသည် အကျွန်ုပ်၏ အပြစ်တို့ကို အကြောင်းပြု၍ အကျွန်ုပ်၏အသားအား စားသောက်ရန်အတွက် ကြံစည် အားထုတ်နေပါသည်။ သို့သော် မှန်ကန်သော သစ္စာ စကားကို ဆိုပါက အသက်ဘေးမှ လွတ်မည်ဟူသော ၎င်း၏ စကားကြောင့် အကျွန်ုပ်သည် မိမိ၏ မကောင်းမှုတို့ကို လောကပါလ နတ်မင်းထံ ဖွင့်ဟဝန်ခံ၍ သစ္စာပြုပါသည်။ အကျွန်ုပ်၏ သစ္စာစကားတွင် တစ်စုံ တစ်ရာ အမှားအယွင်း ရှိပါက လူသားစား ဘီလူး၏ ရက်စက်စွာ သတ်ဖြတ် စားသောက်ခြင်းကို အကျွုပ်ခံစားရပါစေ.... အကျွန်ုပ်၏ သစ္စာစကားသည် မှန်ကန်သည်ဆိုပါက ရဲဝံ့စွာဖွင့်ဟ သစ္စာဆိုသည့် ဤမှန်ကန်သော သစ္စာစကားတို့ကြောင့် အကျွန်ုပ်၏ အသားအား အစာအဟာရ အဖြစ် စားသုံးရန်ကြံစည်နေသော ဘီလူးသည် ကျွန်ုပ်၏ ပြုသမျှ နုရသော အစွမ်းမဲ့ ဘီလူးတကောင်အဖြစ် ပြောင်းလဲပါစေသား.....""
"" ကျုပ်... အဲ့ဒီလိုလဲ...သစ္စာဆိုလိုက်ရော ကောင်းကင်မှာ လျှပ်စီးတွေလက်...မိုးတွေခြိမ်း၊ ငလျင်တွေ သွက်သွက်ခါ လှုပ်တော့တာပဲ... သစ္စာစကားဟူသည် ဟုတ်တိုင်းမှန်ရာ ဆိုပါက မိုး နှင့် မြေကိုပင် တုန်လှုပ်စေသည်တဲ့...""
ရွာကျောင်းဆရာတော်ဘုန်းဘုန်းနှင့်တကွ သူကြီး ဦးကောင်း၊ ရွာဆော် ချက်ကြီးနှင့် ရွာသူရွာသား အားလုံး ကျီးဆိုးအား တစ်ခါမှ မမြင်ဖူးသော သတ္တဝါကဲ့သို့ အံသြမင်သက် ငေးမောမိနေကြလေတော့သည်။

ပြီးပါပြီ။
မှတ်ချက်။ ငယ်စဉ်က ကြားဖူးသော ပုံပြင်တစ်ပုဒ်အား အခြေတည် ရေးဖွဲ့ထားပါသည်။ အမှားအယွင်းလိုအပ်ချက်များအား နားလည်ပေး၍ ဝေဖန်အကြံပြုပေးပါရန်....။
ချစ်သား မာရ်နတ်( Yan Aung Phyo)

Comments
Post a Comment