" ညမထွက်ရ "

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

အပိုင်း (၂)
>_<_>_<

" ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်....... "

" ဟေ့ဘာဖြစ်တာလဲဟေ့... "

" မနက်စောစောစီးစီး ဘာများဖြစ်ကြတာလဲ.... "

" ယောကျာ်းရေ...ထပါဦး...ဟိုမှာ
ရွာကင်းတဲက သံချောင်းခေါက်နေတာ
ဆက်တိုက်ပဲတော်တော်ကြာနေပြီ
အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်လို့နဲ့တူတယ်
မြန်မြန် သွား...ပြေးပါဦးတော်ရေ... "

နံနက်ခင်းအချိန်တွင် ရွာကင်းတဲမှ
အချက်ပေး သံချောင်းခေါက်သံကြောင့်တစ်ရွာလုံးရှိ
အိမ်များမှလူများ နိုးလာကာ
အကုန်လုံးတစ်ယောက်တစ်ပေါက်ဖြင့်
ဆူညံသွားကြကာ... ရွာကာလသားများနှင့်
ယောကျာ်းသားများ ဓားလှံ လက်နက်များ ဆွဲ ပြီး
ရွာထိပ်ရှိ ကင်းတဲဆီသို့ပြေးသွားကြလေပြီ ။

ကင်းတဲသို့ လူအုပ်ကြီးရောက်သောအခါ........

ကင်းတဲတွင်
အစောကြီးကတည်းက ရောက်နှင့်နေသည့်
ရွာသူကြီး ဦးရန်ပိုင် က

“ မနေ့ညက တာတီး နဲ့ ထွန်းကြီး
ရွာအပြင် ခိုးထွက်သွားကြတဲ့ သတင်းပြောမလို့ပါ …
သူတို့တွေ ညက ထွက်သွားတာကို သူတို့အိမ်က
မိသားစုတွေလည်း တစ်ယောက်မှ မသိလိုက်ကြသလို
တို့ရွာက ကင်းသမားတွေလည်း တစ်ယောက်မှ
မမြင်လိုက်ကြဘူးလို့ ပြောတယ် …..
ဒီမနက်…. ငါအဲ့ဒီ သတင်းကြားကြားချင်း
မင်းတို့ကို အရေးပေါ် စုစည်းလိုက်ရတာပဲ ….
ဒီကောင်တွေကြည့်ရတာ ရွာကင်းတဲ ဘေးဘက်က
ခြံစည်းရိုးကို ကျော်ပြီးထွက်သွားကြပုံပဲ …
မနက်ခင်းသြွးလို့ရရဲ့သားနဲ့
ညလူခြေတိတ်ချိန်ကြီး ခိုးထွက်သွားတယ်ဆိုတော့
ဒီကိစ္စ သွေးရိုးသားရိုးမဟုတ်နိုင်ဘူး …
နောက်တစ်ချက်က တို့ရွာက
ညဘက် အပြင်ထွက်သြွးတဲ့သူတွေ တစ်ယောက်မှ
အသက်မရှင်ကြတာ ဒီကောင်တွေသိသားနဲ့ကွာ…… ”

သူကြီးစကားပြောနေစဉ်
ရွာသူရွာသားများအားလုံး အသံတိတ်ဆိတ်နေကြပြီး
မျက်နာများတွင် ထိတ်လန့်နေကြသည့် အသွင်အပြင်အား
အတိုင်းသားမြင်နေရသည် ….
ထို့နောက် …. ရွာသူကြီး ဦးရန်ပိုင် က
သက်ပြင်းတစ်ချက်ချလိုက်ပြီး…

“ ဟူး…. ငါတော့ ဒီနှစ်ကောင်အတွက်
ရင်လေးမိတယ် သားသမီတွေလည်း ငယ်ငယ်ရှိသေးတာ..
ကဲကဲ တို့တွေ အချိန်ရှိတုန်း အနီးအနားတစ်ဝိုက်
တာတီး နဲ့ ထွန်းကြီးတို့ကို လိုက်ရှာကြရအောင် ”

ကာလသားခေါင်းဆောင်များ နှင့်
ခေါင်းဆောင်တစ်ဦးလျှင် ရွာသား ငါးဦးခန့်ပါသည့်
အဖွဲ့ငယ်များဖွဲ့ကာ လူစုပေးပြီးနောက်
ရွာငယ်လေးမှ အရပ်မျက်နာအသီးသီးသို့
ထိုအဖွဲ့များကို ဖြန့်ကာ သွားစေပြီး
တာတီးတို့အား ရှာဖွေစေသည် ။

နေမင်းကြီးတစ်နေ့တာ အလုပ်ချိန်တွင်း
ရွာသားများသည် နေရာအနှံ့
တာတီးတို့အား လိုက်ရှာကြပြီးနောက်
ရှာမတွေ့သည့် အဖွဲ့များမှာ မကြာမှီ တစ်ဖွဲ့ပြီး
တစ်ဖွဲ့ ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာကြသည် ။

တစ်ချို့အနီးအနားရွာများသို့ သွားကာ
သတင်းစုံစမ်းကြသည့် အဖွဲ့ငယ်များမှာလည်း
အသီးသီး ပြန်ရောက်လာကြပြီး
တာတီးတို့၏ သတင်းအစအနပင် မတွေ့ခဲ့ရကြောင်း
ပြန်ပြောကြသည် ။

နံနက်ခင်းအချိန်မှ စကာ ထွက်သွားကြသည့်
အဖွဲ့များအားလုံး ၇ွာပြန်ရောက်လာကြသည့်တိုင်

တစ်နေကုန် ၀ိုင်းဝန်းရှာ ခဲ့ ကြသော်လည်း
မည်သည့် နေရာမှ ရှာမတွေ့သည့် အပြင်
သတင်းအစအနပင် မရကြောင်းသာ
ပြန်ပြောကြသည် ။

ရွာမှာ မြို့နှင့်လည်း လွန်စွာ ဝေလွန်းသဖြင့်
သက်ဆိုင်ရာသို့ အကြောင်းကြားရန်လည်း
မလွယ်ကူလှချေ ။

တစ်ရွာလုံး လည်း တာတီး နှင့် ထွန်းကြီးတို့
အန္တရယ်ကင်းကင်း နှင့် ပြန်လာနိုင်ကြဖို့အတွက်
ဆုတောင်းပေးယုံသာ ရှိတော့သည် ။

နေမင်းကြီးကြီးသည် တစ်နေ့တာ
လုပ်ငန်းများ ထမ်းဆောင်ပြီးနောက်
အိပ်စက်အနားယူရန် အတွက်
မျက်လုံးများကိုမှေးစက်ကာ
အခြားကမ္ဘာခြမ်းတစ်ခုတွင် လုံလောက်စွာ
လုံခြုံနွေးထွေးနေနိုင်ရန်အတွက် နှင့်
လရိပ်အား ရှောင်ကွယ်ပေးသည့်အနေဖြင့်
အပြာရောင် စောင်ကြီး တစ်ခုနှင့်တူသည့်
ပင်လယ်ပြင်ကြီးတစ်ခုအောက်သို့
လျှိုဝင်သွားလေပြီ ။

တာတီးနှင့် ထွန်းကြီး ညအချိန်က
ခိုးထွက်သွားသည့် ကိစ္စနှင့်ပတ်သက်၍
ကင်းသမားများ အိပ်ငိုက်နေကြသည်ဟု
ရွာသူကြီး ဦးရန်ပိုင် က ယူဆကာ
ကင်းတာဝန်ကျသူများအားလုံးကို
အပြစ်ပေးပြီးနောက် ဆူပူထားသဖြင့်
ကင်းသမားများသည်လည်း
နောက်တစ်ကြီမ် ပြစ်ဒဏ် မခံရစေရန်
နိုးနိုးကြားကြား နေနေကြရသည် ။

ရွာ အ၀င်ရှိ ကင်းတဲတွင် တာဝန်ကျသူ
သုံးဦးရှိပြီး အိပ်မငိုက်စေရန်
ကြီုးစားကာ အခြင်းခြင်း စနောက်ရင်း
စကားပြောနေစဉ် …

“ ဟေ့ယောင်(ကောင်) တွေ
ဟိုမှာကြည့်ကြစမ်း … တို့ဆီကို
လူနှစ်ယောက် လာနေကြတယ်… ”

ကင်းသမားတစ်ဦး၏ စကားကြောင့်
ကျန်နှစ်ဦး မှာလည်း
လေးခွများ ဓါတ်မီးများကို အသင့်ပြင်ထားလျှက်
အချက်ပေး သံချောင်းအလွယ် ခေါက်နိုင်သည့်
အနားတွင် အသင့်ပြင်ကာ အခြေအနေကြည့်နေလေသည် ။

ထိုလူပုံစံ နှစ်ခုမှာ တစ်ရွှေ့ရွှေ့နှင့်
ဖြည်းညှင်းစွာ လှမ်းလာလေရာ….

ရွာအ၀င် ကင်းတံခါးအ၀ပင်ရောက်လာလေပြီဖြစ်၍
ကင်းသမားများသည်….

“ ဟေ့ ဒီအချိန်ကြီး ဘယ်သူတွေလည်း
ဘယ်ကလာကြတာလည်း ၊
ဘာကိစ္စရှိလို့လည်း …. ”


ဟုလှမ်းအော်မေးလိုက်ကြသည် ။

ထိုစဉ် တစ်ဖက်မှ
လူနှစ်ယောက်မှာ လူသေကောင်များသဖွယ်
တောင့်မတ်နေအောင်
မတ်တပ်ရပ်လျှက်ငြိမ်သပ်နေပြီးနောက်
တစ်ဦးမှ လွန်စွာ အေးစပ်စပ်နိုင်သည့်
အသံဖြင့် …

“ ငါတို့ပါကွ…
ထွန်းကြီး နဲ့ တာတီးလေ … ”

“ ဟင် !!! … ”

ကင်းသမားများလည်း လွန်စွာ
အံအားသင့်နေကြရင်း
ငါးထောင့်ထိုး လက်နှိပ်ဓါတ်မီးဖြင့်
ထိုလူနှစ်ယောက်မျက်နာအားထိုးကြည့်လိုက်ရာ
အမှန်ပင် တာတီး နှင့် ထွန်းကြီး ဖြစ်နေလေသည်ကို မြင်သဖြင့်
ကင်းသမား သုံးဦးစလုံးပင်
ကမန်းကတန်း ရွာတံခါးဆီပြေးဆင်းသွားပြီး
ရွာ ခြံစည်းရိုး တံခါးမကြီးကို ဖွင့်ကာ
တာတီး နှင့် ထွန်းကြီး တို့အား
အပြေးလေး ကြိုကြလေရာ …
အနားအရောက်တွင် ….

“ မင်းတို့ နှစ်ကောင်ကွာ….
ဘယ်တွေ့ရောက်ပြီး ဘာတွေဖြစ်နေကြတာလည်း ”

“ တို့ တစ်ရွာလုံးလည်း တစ်နေကုန်ကို
မင်းတို့နှစ်ယောက်ပဲ လိုက်ရှာနေကြရတာ … ”

“ ဟုတ်ပ .. ဆိုစမ်းပါဦး မင်းတို့
ဘာဖြစ်ခဲ့ကြတာလဲ … ”

ကင်းသမားသုံးဦး၏ အမေးကို
တာတီးမှ

“ ဒီလိုကွာ မနေ့ညက ထွန်းကြီးနဲ့ငါ
နှစ်ယောက်သား
စစ်တွင်းက ဂျပန်တွေ ၀ှက်ထားခဲ့တဲ့
ရတနာသိုက်သွားရှာကြတာ
ရှေးစကားတွေက တကယ် ကွက်တိပဲကွ
ငါတိုကတွေ ရတနာတွေကို
အမှန်ကို တွေ့ခဲ့ကြတယ် ၊
ခတ်တာက ရတနာတွေရှိတဲ့နေရာဆိုတာကလည်း
လူအရောက်အပေါက်အတော်နည်းတဲ့
တောနက်ကြီးထဲမှာကွာ နောက်ပြီး
ရတနာတွေဆိုတာလည်း လှည်းနဲ့
ဆယ်စီးဆယ့်ငါးစီးစားလောက်
တိုက်ယူရလောက်အောင်ကို များတယ်ဟေ့ ”

ထိုစကားကြောင့် ကင်းသမားများ မျက်နာ
ဝင်းလက်နေကြစဉ် ဘေးမှ ထွန်းကြီးက ..

“ အေးကွာ.. အမှန်ပဲ
ငါဆို အိမ်မက် မက်နေသလားမှတ်တယ် ၊
အဲ့ကိစ္စ လူများများသိရင် တို့ ဝေစုတွေနည်းမှာစိုးလို့
တို့တွေ တစ်နေကုန် ပုန်းနေကြတာ
အခုလို အချိန်ရောက်မှ
ရွာကင်းစောင့်မယ့်သူတွေထဲကနေ
ရှိမယ့်သူနဲ့ တို့တွေ ညှိပြီး
ရတနာတွေကို ညီတူမျှတူ
ခွဲယူဖို့ လာပြောတာကွာ …

တာတီးတို့ နှစ်ယောက်၏ စကားပြောသံ လေယူလေသိမ်းမှာ
ယခင်ထက် အနည်းငယ် ပြောင်းလဲနေသော်လည်း
လောဘဇောကြောင့် ကင်းသမားများလည်း
ဂရုမထားအားကြချေ ။

“ မင်းတို့ငါတို့ပြောတာမယုံမှာစိုးလို့
နမူနာယူလာခဲ့တာ ဒီမှာကြည့်ကြ … ”

တာတီးမှ ပြောပြောဆိုဆို နှင့်
သူ၏ ကျောတွင် ထမ်းပိုးလာသည့်
ပုဆိုးအထုတ်တွင်းအား ပြောပြင်တွင်ချရင်း
ဖြေ ပြလိုက်ရာ အထုတ်ထဲမှ …

ရွှေအတိပြီးသည့်
ရှေးဟောင်း နတ်ရုပ်ထုအသေးများ
ရှေးဟောင်း ရွှေငွေ ကျောက်မျက်
လတ်ဝတ်ရတာနာ အချို့ကို
တွေ့လိုက်ကြရသည် ။

ကင်းသမားများသည်လည်း
ပုဆိုးထုတ် အတွင်းမှ အရာများအား
ဓါတ်မီးဖြင့် ထိုးကြည့်ရင်း အသက်ရှူရပ်မတက်ဖြစ်ကာ ၊
မျက်လုံးများ တွင်လည်း လောဘအရောင်များဖြင့်
ပြောင်လက်လာလေသည် ။

ရွာကင်းစောင့်နေသည့်
ထိုသုံးဦးလည်း ထွန်းကြီး နှင့် တာတီးတို့
ခေါ်ရာ ရတနာသိုက် ရှိရာသို့
လွန်စွာ တက်ကြွသည့် ခြေလှမ်းများဖြင့်
လိုက်ပါလာကြလေပြီ ။

ရွာအ၀င်မှ

- ည မ ထွက် ရ -

ဆိုင်းဘုတ် အမှတ်အသား ကြီးအား
သူတို့ မေ့နေကြပြီ မဟုတ်လော ။

တောနက်ထဲ မသိမသာ တိုးဝင်လာသည်နှင့်အမျှ
ညငှက်များ ပုရစ်များ၏အော်သံပင်မဆိုထားနှင့်
တောကြီးတစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင်
တိတ်ဆိတ်နေပြီး ခြေလှမ်းလှမ်းတိုင်း
သစ်ရွက်များကို ထိခိုက်မိသံမှအပ
အရာရာ အိပ်စက်နေဟန်ရှိသည် ။

တောကြီးတစ်ခုလုံး နှစ်ချိ့သစ်ပင်ကြီးများနှင့်
ရန်ဖန်ရန်ခါ စိတ်မသတီစရာကောင်းသည့်
အနံ့အသတ်များ ရနေခြင်းကြောင့် လည်းကောင်း
မှောင်မဲနေသည့် ပတ်ဝန်းကျင်အား
လတ်နှိပ်ဓါတ်မီး နှစ်လက်မှ မီးအလင်းဖြင့်
ဟိုဟိုဒီဒီထိုးကာ ဂရုစိုက်ရင်း လူစုမကွဲအောင်
သတိထားသွားလာနေရဖြင်းတို့ကြောင့်
ကြောင်စိတ်များဝင်ကောင်းဝင်မိသော်လည်း
ယောကျာ်းသား ငါးဦးပေမို့ အတော်အတန်
ဖြေသာမိသည် ။

ရှေ့မှ ဦးဆောင်သူ တာတီးနှင် ထွန်းကြီးတို့မှာ
ခံစားချက်မဲ့ပြီး သက်မဲ့အရုပ်များအား
သံပတ်ပေးထားသည့်နယ် တစ်နေရာသို့သာ
ဦးတည်သွားနေပြီး သူတို့ နှစ်ဦး အနောက်မှ
ကင်းသမား လူရွယ်သုံးဦးမှာ ကြက်သီးတရွရွ ဖြင့်
အမှီကပ်ကာလိုက်နေရသည် ။

နောက်ဆုံးမှ လိုက်ပါလာသည့် ကင်းသမားမှာ
တစ်ချက်တစ်ချက် ကျောမလုံသလိုမျိုး
နောက်ကျောမှ အအေးလှိုင်းတစ်ခု ဖြတ်သွားသလို ၊
တစ်စုံတစ်ယောက်က အနောက်မှ ကပ်လိုက်လာသလို
ခံစားနေရသည်မှာ လမ်းတစ်လျောက်လုံးဖြစနေပြီဖြစ်၍
မကြာမကြာ အနောက်ကျောဘက်သို့
မရဲတရဲ လည်ကြည့်မိသည် ။

တော၏ တစ်ခုသော လမ်းတွင်လည်း
နောက်ဆုံးမှ ကင်းသမားသည် ယခင်ခံစားရသည့်အတိုင်း
ခံစားလိုက်ရသဖြင့် ဖြတ်ခနဲ့ အနောက်သို့
သမင်လည်ပြန်ကြည့်လိုက်ရာ သူရပ်နေသည့်နေရာမှ
ခြေလှမ်း ဆယ်လှမ်းစာခန့်တွင်
မြူခိုးများအူနေသည့်သဖွယ်ဖြစ်နေပြီး
ထိုမြူများ မီးခိုးများကြာတွင်
ဂျပန် စစ်ဝတ်စုံများ ဦးထုပ်များ ၊
ယူနီဖောင်း အပြည့်ဖြင့်
လူသဖွယ် ငါးဦးခန့်မှာ မတ်တပ်ရပ်ရင်း
သူရှိရာသို့ စိုက်ကြည့်နေကြဟန်ရှိသည်ကို
မြင်လိုက်ရသည် ၊ ထိုအခြင်းအရာအား
မြင်လိုက်ရသော်လည်း ကင်းသမားလေးမှာ
နောက်ကြီးမျက်မဲ ထဲတွင် လွန်ခဲ့သည့်
နှစ်ပေါင်းများစွာ စစ်တွင်းမှ
စစ်ဝတ်စုံများအပြည့်ဝတ်ထားသည့်
၈ျပန်စစ်သား ငါးဦးအား ရုတ်တရက် မြင်လိုက်ရသဖြင့်
ကြောက်ရွံ့ရခြင်းထက် ၊
လွန်စွာ အံ့သြသင့်မိပြီး ကြောက်ရွံ့ရန် မေ့လျော့နေပြီး
ထိုစစ်သားများကိုသာ ကြောင်စီစီဖြင့်
စိုက်ကြည့်နေမိသည် ၊ ထိုသို့ကြည့်နေစဉ်…

သူ၏ မျက်စိရှေ့မှာပင် စစ်သားငါးဦးအနီးမှ
မြူခိုးများတဖြည်းဖြည်း ကွယ်သွားပြီး
စစ်သားများ၏ မျက်နာသွင်ပြင်ကို
လရောင်အောင်တွင် ၀ိုးတ၀ါးမြင်လိုက်ရသည် ၊
၎င်း တို့၏ မျက်နာသွင်ပြင်များမှာ
အချို့ က
လျှာကြီးတစ်လစ်ထွက်နေပြီး ၊
မျက်နာတစ်ခုလုံး လောက်ကောင်များ ပြည့်နေသည့်သူနှင့်
အချို့မှာ အရိုးခြောက်သာသာ ဖြစ်နေပြီး
အရိုးခြောက် ကမ္မဌာန်း ပုံစံရှိကာ ၊
အချို့မှာ ပေါက်ပြဲစုတ်ပျက်နေသည့်
အကျီ င်္ အောက်မှ ဟောင်းလောင်းပေါက်ဖြစ်နေသည့်
ရင်ဘက်တွင် သွေများမြင်မကောင်းအောင်
စီးကျနေသည်ကို အတိုင်းသားမြင်လိုက်ရသည် ။

နောက်ဆုံးမှ ရပ်နေသည့်
ကင်းသမားလေးသည်လည်း ….
မျက်စိရှေ့မှ သွေးပျက်ဖွယ် ဂျပန်စစ်သား သရဲများ၏
ပုံစံများကိုမြင်မိပြီးနောက်မှ သရဲခြောက်ခံရမှန်းသိကာ
မျက်လုံးများ အစမတန်ပြူကျယ်လျှက်
သူ၏အရှေ့မှ သူငယ်ချင်းများအား
အကူအညီတောင်းရန် လှည့်ကြည့်လိုက်ရာ
သူ၏အနားတွင် တစ်ဦးမှ ရှိမနေကြတော့ချေ ၊
ဂျပန်စစ်သား ဖုတ်ကောင်ကြီးများကို
သူရပ်ပြီး ငေးကြည့်နေမိစဉ်အချိန်တိုလေးအတွင်း
ရှေ့မှ သူငယ်ချင်းများသည် ခရီဆက်နေပြီး
သူကား… ကျန်ရစ်ခဲ့ပြီမဟုတ်လား…. ။

တဆက်တည်းမှာပင်
ကြောက်စိတ်၏ နိုးဆော်မှုကြောင့်
ထွတ်ပြေးဖို့ အင်အားများ ချည့်နဲ့ကာ
ဒူးများခွေကြနေလျက် မသိစိတ်မှ
ကြည့်ရန်တိုက်တွန်းချက်ဖြင့်
ဂျပန်စစ်သားများဘက်သို့ တစ်ဖန်
လှည့်ကြည့်လိုက်ရာ စစ်သား သရဲကြီးများမှာ
ယခင်အတိုင်း အဝေးတွင်ရှိမနေတော့ပဲ
သူ၏ မျက်နာနားတွင် ကပ်လျှက်ရောက်နေကြပြီး
အဆာရေဆာ ငတ်ပျက်နေကြသည့်နယ်
သူ့အား အစိမ်းလိုက် စားမည့် ဟန်ပြင်နေကြလေပြီ ။

ကျန်ရစ်သူ ကင်းသမားလေးလည်း
ကယ်ရာမဲ့သူများ၏
နောက်ဆုံးကြိုးစားမှုအဖြစ်
အားရှိသမျှ စုစည်းပြီး ရင်ကွဲမတက်
ငယ်သံပါအောင် အော်ဟစ်လိုက်မိသည် ။

“ အား…!!!!!! ”

“ ဟ..ဟေ့ယောင်(ကောင်တွေ) နေကြဦး
ဒါ ငယ်လေး အော်သံပဲ ..
ဒီကောင်ဘယ်မှာ ကျန်ခဲ့တာလဲမသိဘူး
ဒုက္ခတွေ့နေပုံပဲ ငါတို့သွားကယ်ရအောင် လာ… ”

ရှေ့မှ ကင်းသမားနှစ်ဦးထဲမှ
တစ်ဦးသည် ကျန်ခဲ့သည့် ကင်းသမားလေးထဲ
ပြေးသွားကာကယ်ယူရန် ပြင်နေသည်ကို
ရှေ့မှ တာတီးက …

“ ရပ်…!!! မင်းတို့သွားမနေနဲ့
ဒီကောင် ကွှုးတစ်ခုထဲ ကျသွားတာဖြစ်မယ်
တို့လာတုန်းက လမ်းမှာ လူနှဏ်ရပ်လောက်နက်တဲ့
ကျင်းကြီးတွေ့တွေ့ခဲ့ကြတယ်မို့လား
ငါတို့ ပစ္စည်းတွေနိုင်သလောက် ကယ်ပြီးမှ
သူ့ကို အပြန် ၀င်ကယ်လည်း နောက်မကျပါဘူး..
ကဲကဲ…မြန်မြန်လာကြ မိုးမလင်းခင်
အလုပ်ပြီးမှ ဖြစ်မယ် … ”

တာတီး၏ စကားများမှ
ယုတ်တိရှိသဖြင့် အခြားသူများလည်း
သဘောတူလက်ခံပြီး ရှေ့ဆက်ခဲ့ကြသည့် ….
သို့သော် တာတီးစကားထဲမှ
‘ မိုးမလင်းခင် အလုပ်ပြီးမှဖြစ်မယ် ’
ဟုသည့်စကား ဆိုလိုရင်းအား သူတို့သိခဲ့ပါမူ…… ။

တစ်နေရာအရောက်တွင်
ထွန်းကြီးက ကျောက်ဂူကြီးတစ်ခုအား
လက်ညှိုးထိုးပြလိုက်ပြီး….

“ ရှေ့က ဂူပဲ ကိုယ့်လူတို့
နိုင်သလောက်သာဝင်ယူတော့… ”

လောဘ၏နှိုးဆော်ချက်နှင့်
မိမိတို့နှင့် တစ်ရွာတည်းအတူနေသူ
တာတီးတို့၏ စကားကြောင့်

ကင်းသမားနှစ်ဦးလည်း ထွေထွေထူးထူး
စဉ်းစားမနေကြတော့ပဲ ဓါတ်မီးတစ်လက်ဖြင့်
ကျောက်ဂူကြီးအတွင် ပြေးဝင်လိုက်ကြသည် ။

ကျောက်ဂူကြီးထဲတွင်
ဆွေးမြေ့နေပြီး သံချေးများတက်နေသည့်
စစ်ဘက်သုံး သံသေတ္တာကြီးများ
အလုံး နှစ်ဆယ်ခန့်မြင်လိုက်ရပြီး
ထိုသေတ္တာများထဲမှ ကပိုကယိုဖြင့်
အဖုံးပွင့်နေသည့် သေတ္တာအချို့ကိုလည်း တွေ့လိုက်ရသည် ၊
သေတ္တာများအတွင်မှ ပစ္စည်းများသည်
တာတီးတိုကပြောသည့်အတိုင်း
ရွှေဆင်ရွှေသား အတိပြီးသည့်အရုပ်များ ၊
လက်ဝတ်ရတနာအမျိုးမျိုးနှင့်
အခြားသော သေတ္တာများတွင်လည်း
အဖိုးအန္တဂ္ဂ ထိုက်တန်လွန်းသည့်
အရည်အသွေးကောင်း ရှေ့ဟာင်းဟန်ဖြင့်
ကျောက်မြတ်များစွာကိုမြင်လိုက်ရသည် ။

ဘ၀၏ သုံးပုံပုံ နှစ်ပုံခန့်အား
တောင်ယာလုပ်ရင်း အသက်မွေးလာကြသည့်
ရိုးသားသည့် တောသူတောင်သားများအဖို့
တစ်သက်နှစ်တစ်ကိုယ် တစ်ဖိုးကြီးလှ
ရွှေလက်စွတ် တစ်ခုတစ်လေမျှသာ မြင်ဖူးကြသူများမို့
ယခုပစ္စည်းများမြင်လိုက်ရပြီးနောက်
မျက်လုံးများ ရွှန်းလဲ့နေကာ ၊
ပါးစပ်အဟောင်းသားဖြင့် အင်မတန်
စိတ်ထဲကျေနပ်ပီတိဝေပြီး လောဘတန်ခိုး
ပိုပိုထွားလာနေကာ ထိုပစ္စည်းများကို သယ်ယူဖို့
ပြင်နေကြသည် ထိုစဉ် ဂူ၏အ၀င်ဝမှ …

“ ဟီးဟီးဟီးဟီး….ဟားဟားဟားဟား ”

သွေပျက်ဖွယ် ရယ်သံကြီးတစ်ခုကိုကြားလိုက်ရသဖြင့်
သတိပြန်ဝင်လာကာ
ဂူ၏ အ၀ရှိရာသို့ ဓါတ်မီးထိုးထားလျှက်
အပြင်မှ ၀င်လာသည့် အန္တရယ်အား
ကာကွယ်ရန် ဓါးများ ပြင်ထားကြသည် ။

ဂူအတွင်းဝင်လာကြသူများမှာ
သူတို့ထင်သလို သတ္တာဝါးဆိုးကြီး
တစ်ကောင်မဟုတ်ပဲ တာတီး နှင့် ထွန်းကြီး
ဖြစ်နေသည်ကို တွေ့ရသဖြင့်
ကင်းသမားနှစ်ဦးလည်း သက်ပြင်းချနိုင်ပြီး
ဓါးများကိုပြန်သိမ်းပြီးချိန်တွင် ……

ဂူအတွင်းဝင်လာသည့် တာတီးနှင့် ထွန်းကြီး
အနောက်မှ အမွှေးဖွားဖွား ၊
မျက်လုံးနီကြောင်ကြောင် ၊
နားရွတ်ရှည်ကြီးနှင့် အကောင်ကြီးတစ်ကောင်
ရုတ်တရက်ပေါ်လာပြီး တာတီးတို့အပေါ်မှ
ခုန်ကျော်ကာ ကင်းသမားနှစ်ဦးအား
သူ၏ ရှည်လျားသည့် လက်သည်းရှည်များဖြင့်
ကုတ်ဆွဲကာ အဆွယ်တဖွေးဖွေးဖြူနေသည့်
သူ၏ပါးစပ်ကြီးအား သွေးရောင်လွှမ်းသွားစေခဲ့သည် ။

ကင်းသမားများမှာ
ဓါးပြန်သိမ်းပြီး ပေါ့ပေါ့ပါးပါးဖြစ်နေစဉ်မို့
အမှတ်မထင် ပေါ်လာသည့် သဘက်ကြီး၏
ရန်အား လုံးလုံး မဟန့်တားနိုင်ပဲ
စက္ကန့်ပိုင်းတွင်းမှာပင်
အောဟစ်ချိန်ပင်မရပဲ ……
နှစ်ချို့ သဘက်ကြီး ၏
အစားခံလိုက်ကြရသည် ။

~~~~~~~~~~~~~~

နံနက်ခင်းအသစ်တစ်ခုတွင်ဖြစ်သည် ။

“ ဟေ့ ဘာဖြစ်ပြန်ပြီလဲ…  ”

“ ညက ရွာကင်းသမားသုံးယောက်လုံး
တစ်ပြိုင်တည်းပျောက်သွားပြန်ပြီတဲ့ ”

“ အိုး…. ”

“ ဟယ် …. ”

“ ဒုက္ခပါပဲ ငါတို့ရွာကတော့ မလုံခြုံတော့ဘူး
တို့လည်း ရွာပြောင်းပြေးကြမှနဲ့တူပါတယ် ”

“ ဟဲ့.. သြော် နင်တို့တွေကလည်း
ခဏနေကြပါဦး … သူကြီးမင်း
ဘာဆက်လုပ်မယ်ဆိုတာလည်း နားထောင်ကြပါဦး ”

“ ပြောရင်းဆိုရင်း သူကြီးရောက်လာပြီး ”

ရွာထိပ်ကင်းတဲမှ တစ်ယောက်တစ်ပေါက်
စကားသံများမှာ ရွာသူကြီး ဦးရန်ပိုင် ရောက်လာသည့်အချိန်တွင်
မီးခဲအား ရေဖြင့် ငြှိမ်းသပ်လိုက်သည့်နယ်
တိတ်ဆိတ်သွားကြသည် ။

ထိုအခါ ရွာသူကြီး ဦးရန်ပိုင် က…

“ ကျုပ်တို့ရွာတော့
အန္တရယ်တစ်ခုနဲ့ ကြုံတွေ့နေရပြီ
ဒီကိစ္စကို တစ်ရွာလုံး တစ်ညီလက်ညီ
ပူးပေါင်းပါဝင်ပြီးစည်းလုံးကြပေးဖို့နဲ့
အခုလိုအချိန်မှာ ကျုပ်စကားကို နားထောင်ပေးကြဖို့
ပထမဆုံးတောင်းဆိုပါတယ် …. ၊
ပျောက်နေတဲ့ လူငါးဦးအတွက်လည်း
ကျုပ်ရွာသားတွေမို့လို့ ကျုပ်မှာ တာဝန်ရှိပါတယ် ၊
ဒီမနက်လည်း ဒီလူတွေကို ရှာဖို့အတွက်
ထုံးစံအတိုင်း အဖွဲ့တွေ့လွတ်ထားပါတယ် …
ရွာသူရွာသားတွေလည်း အများကြီး
စိတ်သောကရောက်နေကြသလို ၊
ပျောက်နေတဲ့ကာလသားတွေရဲ့ မိသားစုဝင်တွေလည်း
ပူဆွေးနေကြမှာပါ ၊ ဒီလိုပါပဲ ဒီရွာရဲ့ တာဝန်ရှိသူ
ကျုပ်လည်း အားလုံးနည်းတူ သောကရောက်ရပါတယ် ၊
ကျုပ်တို့ရွာကို နှောက်ယှက်နေတာ
ဘယ်သူတွေလည်း ဆိုတဲ့
တရားခံကို ကျုပ်ရအောင် ဖော်သွားပေးပါ့မယ် ၊
ဘာလို့ ညအချိန်မှ ဒီလို ဖြစ်ဖြစ်နေတာလည်း ဆိုတာလည်း
ကျုပ်မသိသေးပေမယ့် ….
ရွာလုံခြုံရေးကိုတော့ စိတ်ချကြပါ
ကျုပ် ရန်ပိုင် မသေသေးသ၍ ဒီရွာကို
ဘယ်လို အနှောက်အယှက် အဖျက်မျိုးမှ
ဖျက်စီးလို့မရစေရဘူးဆိုတာကို လွန်လေပြီးတဲ့
ဒီရွာ ရဲ့ သူကြီးမျိုးရိုး
တမလွန်က ကျုပ်ရဲ့ အဘ နဲ့ ဘိုးဘွား
အားလုံးကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် ”

ရွာသူကြီး ဦးရန်ပိုင် ၏  စိတ်ဓါတ်မြင့်တင်ပေးသည့်
စကားလုံးများကြောင့် မတိုင်ခင်အချိန်က
သောကများနေကြသူ ရွာသူရွာသားများလည်း
အနည်းငယ်စိတ်အေးချိန်းရာ ရကြပြီး
လုပ်နေကျ အလုပ်များကို ဆောင်ရွက်နိုင်သွားကြသည် ။

ရွာသူရွာသားတွေ စိတ်ဓါတ်မကျ ၊ မကြောက်ကြစေဖို့
ပြောမယ့်သူပြောလိုက်ရတာ ရွာသူကြီး ဦးရန်ပိုင်ကိုယ်တိုင်လည်း
ပြသနာရဲ့ အရင်းအမြစ် ၊ အဖြစ်အပျက်တွေကို
အမှတ်တကယ် ကိုင်တွယ်နိုင်ပါ့မလား….
လို့ ကိုယ့်ကို ကိုယ် သံသယ၀င်နေမိတာ အမှန်ပင် ။

အပိုင်း (၃)
>_<_>_<

ကိစ္စတစ်ခုအား အဖြေရှာရန်ကြိုးစားနေချိန် ……

ညနေခင်း ၀န်းကျင် ၏
အလှတရားအား လက်တလော မခံစားနိုင်သေးသည့်
သူများမှာ ရွာထဲရှိ အိမ်တစ်အိမ်ရှေ့မှ
ကွပ်ပစ်ဝိုင်းတစ်ခုတွင် ရေနွေးကြမ်းသောက်နေသူနှစ်ဦးပင် ။

“ ဘကြီး ချစ် ….
ကျုပ်တို့ ရွာမှာ အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေက
ကျုပ် အဘ(အဖေ) ပြောခဲ့တဲ့ ရွာသမိုင်းအကြောင်း
အိပ်ယာဝင်ပုံပြင်တွေနဲ့များ ဆက်နွယ်နေသလား…. ”

ရွာကိစ္စအား အမျိုးမျိုး အဖြေရှာနေသည့်
ရွာသူကြီး ဦးရန်ပိုင် ကိုယ်တိုင် ရှင်းရခတ်သည့်ပြဿနာကြုံတိုင်း
ဖခင်မှာခဲ့သည့်အတိုင်း ကွယ်လွန်သူအဖိုးဖြစ်သူ ၏
မိတ်ဆွေရင်းဖြစ်ခဲ့သူ ရွာမှ အသက်အရွယ် အကြီးဆုံး
လူကြီးသူမဖြစ်ပြီး ဗဟုသုတကြွယ်ဝသူ
ဘကြီး ချစ်ဖွယ် အား… မေးမြန်ခဲ့သည် ။

သတ်ကြီးစကားသတ်ငယ်ကြားဟူသည့်
ဆိုရိုးအတိုင်းပင်… ။

ဘကြီးချစ်ဖွယ်မှာ အရပ်ပုပု ခန္ဓာကိုယ် သေးသေးဖြင့်
ကလေးငယ်တစ်ဦးသဖွယ် မျက်နာရွင်သူဖြစ်ပြီး ၊
နာမည်နှင့်လည်း လိုက်ဖတ်ပေသည် ။

“ နေစမ်းပါဦး ငါ့မြေးရ …
မင့် ပြောတဲ့ ရွာသမိုင်းဆိုတာ
မင်းသိသလောက် အရင်ပြောကြည့်စမ်းပါ ၊
ဒါမှ မင်းသိနေတာ မှားလား မှန်လား
တကယ်လား ၊ဆိုတာ အဘသိသလောက်
ပြင်ပေး ပြောပေးလို့်ရမှာပေါ့ … ”

“ ဟုတ်ကဲ့ ဘကြီး …
ကျုပ်သိသလောက်က
ကျုပ်အဖေက ပြောဖူးတယ်
ဒီရွာရဲ့ အရင်နာမည်က ကောက်သစ်ရွာတဲ့
နောက်ပိုင်း စစ်ပွဲဖြစ်တော့
ဂျပန်တွေ တပ်ပြန်ခေါက်ရင်း
ကျုပ်တို့ရွာက ဖြတ်ပြေးကြတုန်း
ဗြိတိလျှ စစ်ကြောင်းနဲ့တွေ့ပြီး
ဆုတ်လာကြတဲ့ ဂျပန်တပ်သားတွေ
သေကုန်ကြတယ်ပြောတယ် …
နောက်ပိုင်း သေသွားတဲ့ ဂျပန်တွေနဲ့
စစ်အတွင်က ရွာလုံးကျွတ်သေသွားတဲ့
အနားက ရွာသားတွေ မကျွတ်ပဲ
ရွာပတ်ဝန်းကျင်မှာ ကျက်ကုန်းလိုလို ရှိနေပြီး ၊
ညဘက် ဒီရွာက လူ အပြင်ထွက်တာနဲ့
လှည့်စားပြီး ခေါ်သွားရော.. ၊
ရွာကလူတွေ ညဘက်ထွက်တိုင်း
တော်တော်များများ ပျောက်သွားပြီးရင်
ရွာပြန်မရောက်တာနဲ့ ပြန်ရှာမတွေ့တာချည်းပဲ ၊
တွေ့ရင်လည်း ရူးနေတာတို့ ၊
တောကောင် စားသောက်ထားသလို
အရိုးတစ်ခြား အသားတစ်ခြား လောက်ပဲ
ပြန်တွေ့ရတယ် ၊ဒါကြောင့်
အနားပတ်ဝန်းကျင်က ရွာတွေက
ကျုပ်တို့ရွာကို ညမထွက်ရရွာလို့
ခေါ်ကြရင်း အမည်ပြောင်းသွားတာ လို့
အဘကတော့ ပြောဖူးတယ် ”

ရွာသူကြီး ဦးရန်ပိုင်
စကားအဆုံးတွင် …
ဘသက်ရှည်ကြီး ဦးချစ်ဖွယ်က
ရေနွေးတစ်ငုံမျှသောက်လိုက်ရင်း
မပြောမဆိုနှင့် အိမ်ထဲဝင်သွားလေပြီး ၊
ခေတ္တအကြာတွင် ရှေးဟောင်းပန်းကနုတ်များဖြင့်
ထုစစ်ထားသည့် သေတ္တာအို အငယ်လေးတစ်ခုအား
ယူလာပြီး ဖွင့်လိုက်ရာ အတွင်းတွင်
ကတ္တီဘာသားအစ အနီရောင်ဖြင့်
သေချာထုတ်ပိုးထားသည့် ရှေး ပုရပိုက်စာများ
အစီအရီထွက်လာပြီး နောက် သေတ္တာတွင်းမှ
ရှေးဟောင်း ရွှေလက်ကောက်နှင့် နားထောင်းအချို့လည်း
ထွက်လာသည်ကို မြင်ရသည် ။
ဘကြီး ချစ်ဖွယ်က  ထိုပစ္စည်းများအား
ရွာသူကြီး ဦးရန်ပိုင် ထံ ကမ်းပေးရင်း

“ ဒါတွေက  ရှေးပစ္စည်းတွေဆိုတာ
မင်းလည်းသိမှာပေါ့…
အိမ်း.. မင်းသိချင်တာ ဘာလည်းငါသိတယ်ငါ့မြေး
မင်းတကယ်သိချင်နေတာက
ဒီပစ္စည်းတွေက အဘဆီ ဘယ်လိုရောက်နေတာလဲ
အဘလို အဖိုးကြီးက ဘယ်ကရလာတာလဲ သိချင်နေတာမို့လား…
ငါပြောပြမယ် …
ခုနက မင်းပြောခဲ့တဲ့ ရွာသမိုင်းက
ဘယ်လိုဆိုရမလဲ တစ်စိတ်တဒေသတော့ မှန်ပေမယ့်
မပြည့်စုံသေးဘူးကွယ့် မှားတဲ့နေရာတွေ ၊
လိုအပ်တဲ့ နေရာတွေလည်း ရှိနေတယ် ၊
အဖြစ်မှန်က ဒီလိုကွယ့် ……….

( ဆက်ရန်......... )

#END

{ ၀ါသနာအရ ရေးသားတာဖြစ်တဲ့အတွက်ကြောင့်

အမှားအယွင်းများ ရှိခဲ့ရင်လည်း ခွင့်လွတ်နားလည်ပေးကြပါ ၊

ဝေဖန်မှုတွေကိုလည်း အမြဲ ကြိုဆိုလျှက်ပါ ခင်ဗျာ ….. ။ }



~ မိုးစွေ ~

စာပြီးချိန် - ( 31 . 12 . 2017)

Myanmar Time 1:26 AM

Comments