"" ရဲသင်တန်းကျောင်းက သရဲ ""
----------------------------
မောင်လယ်တော ၁၀ တန်းအောင်တော့ ရဲတပ်သားသစ် သင်တန်း လျှောက်ကြည့်တယ်။ ရဲတပ်ဖွဲ့ကလည်း အင်အားလိုနေတဲ့ အချိန် ဖြစ်မယ်။ တစ်ပါတ်လောက်နေတော့ ခန့်စာရောက်ပြီး သုံးရက်အတွင်း သင်တန်း သွားရမယ်တဲ့။ သင်တန်းတက်ရမယ့် နေရာက ရလသ ၁ ၊ ရမည်းသင်း ။
မောင်လယ်တော့ တို့ မန္တလေးမှာ လူစုပြီး ရမည်းသင်း လစ်ရတာပေါ့။ သင်တန်းရောက်တာနဲ့ ကြိုဆိုမှုက ရင်ခုန်စရာ။ အရင်ရောက်နေတဲ့လူရော နောက်ရောက်တဲ့ လူရော အားလုံးပေါင်း လူနှစ်ရာကျော်။
ရောက်ရောက်ချင်း တန်းစီ။ ကျန်းမာရေး စစ်ဆေးတာ ရှက်ကြောပါ ပြတ်ရော။ တစ်ကိုယ်လုံး အဝတ်အစားတွေချွတ်။ အတွင်းခံ ဘောင်းဘီလေး တစ်ထည်နဲ့ မတ်တပ်လေးတွေရပ်။ သင်တန်း ဆရာတွေရဲ့ ညစ်တာလား၊ စစ်တာလား မသိဘူး ခံရတော့ တာပဲ။ တစ်ကိုယ်လုံး ပတ်ပတ်လည် ရှိုးတာ ဖင်ပါ ရှုံ့တယ်။ နောက်ပြီး စစ်ရေးပြကွင်းပြင်ကြီးထဲမှာ အောင်ခံဘောင်းဘီလေး တစ်ထည်နဲ့ တန်းစီပြေးခိုင်းတာ။ အောင်းမလေး ရှက်လိုက်တာဗျာ။ ဟိုးဘက် မိသားစု လိုင်းခန်းက ဝန်ထမ်း မိသားစုတွေ မောင်လယ်တော တို့ကို ကြည့်ပြီး ရယ်နေလိုက်ကြတာ ။ ပြေးရင်း အရှက်သည်းသည်း ခလုတ်တိုက်လဲ ရှေ့ကရှဲမကျိုးကြတာ ကံကောင်း။
အဲ့ဒီမှာပဲ အခြေအနေ မကောင်းဘူးထင်တဲ့ လူတွေကတော့ သက်လုံမကောင်း၊ နှလုံး မကောင်း သလိုလိုနဲ့ ရောဂါ ပြပြီး၊ သင်တန်း ဆက်မတက်ရအောင် ကြံ။ ပြန်ပြေးကြပါရော။ မောင်လယ်တော ကတော့ ဒီလောက်နဲ့ ဘယ်နောက်ဆုတ် မလဲ။ ယောက်ျားပီပီ လာစမ်း ကြမ်းတမ်းမှုတွေပေါ့။ ဒီလိုနဲ့ လူစစ်ထုတ် ရွေးထုတ်နဲ့ ၂၃၈ ယောက် သင်တန်းတက်ဖို့ ကျန်ခဲ့တယ်။ ပြီးတော့ တပ်ခွဲသင်တန်းဆောင်ပို့ ၊တပ်စုခွဲ ၊ နေရာချပေါ့ဗျာ။
မောင်လယ်တော တို့ တပ်ခွဲ သင်တန်းဆောင်က နှစ်ထပ် အဆောင်ကြီး။ ရလသ ၂ မှာ နှစ်ထပ် သစ်သားဆောင်ဆိုလို့ အဲ့ဒီ သင်တန်းဆောင်ပဲ ရှိတယ်။ မောင်လယ်တောတို့ တပ်ခွဲက သီဟတပ်ခွဲ၊ မောင်လယ်တော ကျတဲ့ တပ်စုက တပ်စု ၄ ။
တပ်စု ၁ ၊ ၂ က အောက်ထပ် ၊ တပ်စု ၃ ၊ ၄ က အပေါ်ထပ် မှာ ကသ နံပါတ်အစဉ်လိုက် နေရာယူ။ ကသ နံပါတ်ဆိုတာက ရဲတပ်သားသစ်တွေကို အမှတ်စဉ်ပေးထားတဲ့ နံပါတ်ပေါ့။
ရောက်ခါစတော့ သူ့တိုင်း၊ ကိုယ့်ပြည်နယ် ဆိုပြီး နေရာစွဲလေးတွေနဲ့ သူ့အဖွဲ့ ကိုယ့်အဖွဲ့ မာန်လေးတွေ တစောင်စောင်ပေါ့။ (နောက်တော့လည်း သူငယ်ချင်းတွေ ဖြစ်သွားကြတာ ပါပဲ။) သင်တန်း သဘောအရ မနက်ခင်း ၄ နာရီထ ။ မျက်နှာသစ် ၊ ကစ်ခင်း၊ တန်းစီ ၊ pt ပြေး ၊ နံနက်စာ ထမင်းကျော် လား ကျောက်ခဲကျော်လား မသိတာတွေ မဝတဝ စား။ ( ရောက်ခါစတော့ မစားနိုင်လို့ ပိုက်ဆံလေးတွေရှိနေတုံး တပ်တွင်း ဈေးတန်းမှာ ကောင်းကောင်း သွားတွယ်ကြတာ အစီအရီ ။ နောက်ပိုင်း ပိုက်ဆံလည်း ပြတ်ရော ငတ်ငတ်နဲ့ လုတောင် စားနေရတယ်) ။
သင်တန်းက မနက် ၈နာရီ စ စစ်ရေးပြလုပ် ၊ နေ့လည် နား၊ ထမင်းစား ။ ထမင်းကလည်း ၁၀ တန်းမှာသင်တဲ့ လည်ချောင်းကို မြေလှန် ၊ ဂလုံဆန်အောင် ၊ စုံကန်လို့ မျောရတယ် ဆိုတဲ့ ရေသည်ပြဇာတ်က စာသား သွား သတိရမိလိမ့်မယ်။ ကျွေးတဲ့ ဟင်းက ပဲဟင်း ။ ပဲဟင်းသာ ပြောတာ အမည်ခံ ပဲဟင်း။ ပဲဖက်ဆိုတာ ရေငုတ်ရှာရင်တောင် အအေးပက်သေသွားမယ် ။ ရှာလို့ တွေ့မှာ မဟုတ်တဲ့ ပဲဟင်း ။ စောစောကပြောသလို ရောက်စတော့ ခွေးတောင်မစားဘူး ဆိုပြီး သွန်ပစ်တာ။ နောက် ငတ်လာချိန် အလုအယက်စားကြပြန်တော့လည်း သင်တန်းကျောင်းက ခွေးတွေပါ ငတ်ကုန်တယ်။
ထားပါတော့ ။ ဒါတွေက ရဲလေ့ကျင့်ရေးကျောင်းက အမှတ်တရ သင်ခန်းစာတွေ။ ရောက်စတော့ ပြသနာ ထွေထွေထူးထူး မရှိပါဘူး။ အလေ့အကျင့်ဖြစ်ပြီး နေတတ်ထိုင်တတ်သွားတာပဲ။ အဓိက ပြောချင်တာ မောင်လယ်တော သရဲနဲ့ ကြုံခဲ့ရတဲ့ အဖြစ်။
သင်တန်းဆောင်ကြီး ရောက်ပြီး နည်းနည်း နေသားကျလာတော့ ဆရာ အချို့ရဲ့ စကား၊ သင်တန်းသားတွေ ရဲ့ ကောလဟာလ စကားတွေကြောင့် သင်တန်းဆောင်ကြီးမှာ သရဲရှိတယ် ဆိုတာ ရေပန်းစားလာတယ်။ ဒီသင်တန်းဆောင်ကြီးက ဂျပန်ခေတ်ကတည်း ကရှိတာ။ ဂျပန်ကင်ပေတိုင်ရုံး လုပ်ဖူးတယ်။ ဂျပန်တွေ နေဖူးတယ် သေဖူးတယ်။ ယခင် စီနီယာ ရဲတပ်သားသစ် သင်တန်းသားတွေ ဂျပန်ဝတ်စုံနဲ့ သရဲတစ်ကောင် အဆောင်မှာ လမ်းလျှောက်နေတာ တွေ့တယ် ။ အိပ်ယာထမှာ ခြေထောက် လိုက်ဆွဲတယ် ။ သရဲခြောက်တယ်ဆိုတဲ့ အသံ မျိုးစုံ ကြားရတော့တာပဲ ။
မောင်လယ်တောတို့ တပ်သားသစ်အဖွဲ့မှာလည်း တစ်ယောက်စ နှစ်ယောက်စ သရဲ တွေ့တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်။ဒီလို အသံတွေ ထွက်လာတော့ သေးတောင် တစ်ယောက်ထဲ သွားမပေါက် ရဲတော့။ ဒီလိုနဲ့ သင်တန်း စဖွင့်ပြီး ၂ လခန့် အကြာ တစ်ရက်မှာတော့ မောင်လယ်တောတို့ စစ်ရေးပြကွင်းကြီးထဲမှာ စစ်ရေးပြ လေ့ကျင့်နေတုန်း
"" ဆရာ... ဆရာ... ဆရာ ကျော်သီဟ... ""
"" တန်းရပ်... ဝေ... ဘာလဲ ဟ... မင်းမင်းဦး... ""
ဆေးနား ယူထားတဲ့ တပ်စု ၂က တပ်သားသစ် မင်းမင်းဦး ရဲ့ အမောတကော ခေါ်သံကြောင့် စစ်ရေးပြနည်းပြဖြစ်သလို တပ်စု ၄ ရဲ့ တပ်စုမှူး တပ်ကြပ် ဆရာ ကျော်သီဟ က စစ်ရေးပြမောင်းနှင်မှုကို ရပ်တန့်လိုက်တယ်။
"" ဆရာ.. ဟို...ဟို... အဆောင်မှာ... တပ်စု ၄ က... လှမင်းသန်း တစ်ယောက် ဘာဖြစ်နေတာလဲ... မသိဘူး... သူ့ခေါင်းမှာလဲ သွေးတွေနဲ့... ""
မင်းမင်းဦး စကားကြောင့် ဆရာကျော်သီဟ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး မင်းမင်းဦးနောက်က ကမန်းကတန်း လိုက်သွားတယ်။ မောင်လယ်တော နဲ့ တခြား သင်တန်းသား နှစ်ယောက် လည်း သိချင်စိတ်နဲ့ မသိမသာ နောက်က လိုက်သွားတယ်။
လှမင်းသန်း ဆိုတာ မောင်လယ်တောရဲ့ ၂ ယောက်ကျော်မှာနေတဲ့ ဖြူဖြူ သေးသေး လူ့ဗလံ လေး။ နေမကောင်းလို့ ဆေးနားယူထားတာ ၂ ရက်ရှိပြီ။ သူ့ခမျာ အသားကဖြူဖျော့ဖျော့ ၊ လူကောင်ကသေးသေး ပိုးဟပ်ဖြူလေးမို့ သင်တန်းရဲ့ ကြမ်းတမ်းမှု ဒဏ်ကို ခံနိုင်ပုံ မရှိရှာဘူး။
ဆရာကျော်သီဟ နောက်က မောင်လယ်တောတို့ လိုက်သွားတော့ သင်တန်းဆောင် အပေါ်ထပ် တပ်စု ၄ ရဲ့ ဘေး ဝရံတာမှာ လုပ်ထားတဲ့ စတိုခန်းထဲမှာ လှမင်းသန်း ကို သွေသံရွဲရွဲနဲ့ တွေ့လိုက်ရတယ်။
လှမင်းသန်း ပုံစံက ထူးခြားပြီး လန့်စရာ။ မျက်လုံးကြီးကပြူး ၊ အံကြီးကကျိတ်၊ တစ်ကိုယ်လုံး တုန်လို့။ ရုန်းကန်နေတာလည်း သူ့ထက် အကောင်ကြီးတဲ့ သင်တန်းသားနှစ်ယောက် ဝိုင်းချုပ်ထားတာတောင် မနိုင်ချင်ဘူး။
"" ဘယ်လို ဖြစ်တာလဲ... လှမင်းသန်း... ဟေ့... လှမင်းသန်း... စိုးမြင့်အောင်... လှမင်းသန်း ဘာဖြစ်တာလဲ... ""
"" မသိဘူး... ဆရာ... မနက်က... သူ စတိုခန်းထဲမှာ အိပ်နေတာ... အကောင်းပဲ... အခု ကျနော် စားဖိုဆောင်မှာ ထမင်းချက်ပြီးတက်လာတော့... သူတစ်ယောက်ထဲ ရယ်နေတယ်... ပြီး ကျနော့်လည်း မြင်ရော သူ့ခေါင်းနဲ့ သောက်ရေအိုးအလွတ်နဲ့ တဒုန်းဒုန်း ဆောင့်တော့တာပဲ... ""
စိုးမြင့်အောင် ပြောမှ သတိထားမိကြတယ်။ လှမင်းသန်း ဘေးမှာ စတိုးခန်းထဲ သိမ်းထားတဲ့ သောက်ရေအိုး နှစ်လုံး ကွဲနေတယ် ။
"" ကဲ... ကဲ သူ့ကို ဝိုင်းတွဲပီး တပ်တွင်း ဆေးခန်း ပို့ပေးကြရအောင်... ""
ဆရာ ကျော်သီဟ စကားကြောင့် လှမင်းသန်းကို ဆေးခန်းပို့ဖို့ ပြင်ရတယ်။ လှမင်းသန်က မလိုက်ဘူး။ တအားအားနဲ့ ကျွဲအော် နွားအော် အော်ပြီး အသည်းအသန် ရုန်းတာ။ မောင်လယ်တော တို့ ငါးယောက်ဝိုင်းဆွဲတာတောင် လှမင်းသန်းလို လူ့ဗလံလေးရဲ့ ရုန်းကန်အားကို မနိုင်ချင်ဘူး။ လှမင်းသန်း မျက်လုံးတွေက နီရဲပြီး မောင်လယ်တောတို့ မျက်နှာတွေကို တစ်ယောက်ချင်းစီ လိုက်ကြည့်နေတာ ကျောတောင် ချမ်းမိတယ် ။သူ့ပုံစံကလည်း ကြောင်စီစီရယ်။
တပ်တွင်းဆေးခန်းရောက်တော့ လှမင်းသန်း ငြိမ်သွားတယ်။ မောင်လယ်တောလည်း သူ့ဒဏ်ရာတွေ ဝိုင်းကြည့် ဝိုင်းကူလုပ်ပေးလိုက်တယ်။ လှမင်သန်း အေးအေးဆေးဆေး ငြိမ်နေမှ အားလုံး စစ်ရေးပြကွင်း ပြန်လာခဲ့ကြတယ်။ လှမင်းသန်းအနားမှာ လူနာစောင့် အဖြစ် ဆေးနားယူထားတဲ့ တပ်သားသစ်ထဲက ကျန်းမာတဲ့လူ နေခဲ့ရတယ်။
တပ်တွင်းဆေးခန်းမှာ ကုပြီးရင်တော့ လှမင်းသန်း သက်သာသွားမယ်လို့ မောင်လယ်တော တို့ ထင်ခဲ့ကြတယ်။ ညနေ စစ်ရေးပြပြီး၊ ဖက်ထိပ် လုပ် ၊ ရေမိုးချိုး ထမင်းစားချိန် လှမင်းသန်း တပ်စုမှာ ပြန်ရောက်နေတာ တွေ့လိုက်ရတော့ ကိုယ့်အထင်မှန်နေလို့ ကျေနပ်နေသေး။
လှမင်းသန်း ကောင်းကောင်းမွန်မွန် နေတဲ့ အချိန်က ကြာကြာ မခံပါဘူး။ အဲ့ဒီည မောင်လယ်တောက အစောင်ဆောင့် တာဝန်ကျလို့ တန်းမစီရဘူး။ သူများတွေ စာသင်ဆောင်သွားဖို့ အဆောင်ရှေ့မှာ တန်းစီနေတုန်း မောင်လယ်တောက အဆောင်စောင့်ရင်း ကိုယ်အိပ်ယာ နေရာလေးမှာ ဖယောင်းတိုင်လေးထွန်းပြီး စာဖတ်နေချိန်။
အဲ့ဒီအချိန်မှာ မောင်လယ်တောနဲ့ အိပ်ယာ ၂ ခုကျော်မှာ အိပ်နေတဲ့ လှမင်းသန်း ရုတ်တရက်ထပြီး အဆောင်ရှေ့ထွက်သွား တာ တွေ့လိုက်တယ်။ မောင်လယ်တောကလည်း သူဘာလုပ်တာ လည်း ကြည့်နေတာပေါ့။
လှမင်းသန်းက တပ်စု ၄ အိပ်ဆောင်အပြင် ဝရံတာလက်တန်းမှာ မတ်တပ်လေးရပ်ပြီး အပြင်က တန်းစီနေတဲ့ လူတွေကို ကြည့်နေတာ မြင်မှ စိတ်အေးရတယ်။
ဒါပေမယ့် မောင်လယ်တော မထင်မှတ်တဲ့ မြင်ကွင်း တစ်ခုကို တွေ့လိုက်ရတယ်။ လှမင်းသန်းရဲ့ နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်။ ပုံစံက အိုဂျီ စစ်ဝတ်စုံ ဝတ်ထားတယ်။ လူပုံဏ္ဍန်ဆိုပေသည့် မျက်နှာကို သဲသဲ ကွဲကွဲ မမြင်ရဘူး။ ဘာလဲ ဘယ်သူများလဲလို့ မောင်လယ်တော ကြည့်နေတုန်း အဲ့ဒီလူက လှမင်းသန်းကို နောက်ကနေ တွန်းနေတာ တွေ့လိုက်ရတယ်။ လှမင်းသန်းကလည်း အဲ့ဒီလူ တွန်းတဲ့အတိုင်း ဝရံတာ လက်တန်းပေါ် ကုပ်တက်နေတယ်။
"" ဟာ... ဟာ... လှမင်းသန်း... မလုပ်နဲ့... ""
မောင်လယ်တော ကမန်းကတန်းထပြီး လှမင်းသန်းကို ပြေးဆွဲရတယ်။ လှမင်းသန်းနား ရောက်တော့ စောစောကလူ ရုတ်တရက် ပျောက်သွားတယ်။ မောင်လယ်တောရဲ့ အသံ နဲ့ ရုန်းရင်ဆန်ခတ် အသံတွေကြောင့် တန်းစီနေတဲ့ လူတွေလည်း အပေါ်ထပ် ကမန်းကတန်း ပြေးတက်လာပြီး လှမင်းသန်းကို ဝိုင်းဆွဲကြတယ်။
"" ဘာဖြစ်တာလဲ... ကသ ၂၀၃ ...""
"" လှမင်းသန်း... ဝရံတာပေါ်က ခုန်ချဖို့ လုပ်နေလို့ပါ ဆရာ... ""
တပ်ခွဲ တပ်ကြပ်ကြီး ဆရာဝင်းသိန်းရဲ့ အမေးကို မောင်လယ်တော ဖြေလိုက်တယ်။ မောင်လယ်တော တွေ့လိုက်ရတဲ့ လူအကြောင်းကိုတော့ မယုံမှာစိုးလို့ မပြောဖြစ်တော့ပါဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ ငါပဲ အမြင်မှားတာလား ဆိုတဲ့ မတင်မကျ မေးခွန်းတော့ ကိုယ့်ဘာသာ မေးနေမိတယ်။
"" ပယောဂ တစ်ခုခု ကပ်နေတာနဲ့ တူတယ်... ""
တပ်ခွဲမှူးကြီးရောက်လာပြီး မှတ်ချက်ပေးတော့ ဆရာတစ်ယောက်က သူ့အိမ်က ပုတီးတစ်ကုံး သွားယူပြီး လှမင်းသန်းကို ဆွဲပေးလိုက်တယ်။ ပြီး အိပ်ယာထဲ ပြန်ဆွဲခေါ်ပြီး ၂ ယောက်စောင့်ကြည့်နေရတယ်။ လှမင်းသန်း ငြိမ်နေပေမယ့် သူ့မျက်လုံးက ဂဏှာမငြိမ်ဘူး။ ကျီးလန့်စာစား တောင်ကြည့် မြောက်ကြည့် လုပ်နေတာ ။ သူ့ကြည့်ရင်း မောင်လယ်တောတောင် လန့်လာတယ်။
နောက်နေ့တော့ လှမင်းသန်း ပယောဂဝင်တယ် ဆိုတဲ့ သတင်းက တစ်ကျောင်းလုံးနှံ့သွားပြီး ကျောင်းအုပ်ကြီး အမိန့်နဲ့ သင်တန်းဆောင် အပေါ်ထပ် ဝရံတာ ထိပ်မှာ ဘုရားစင် အကြီးကြီး တစ်စင် ဆောက်လိုက်တယ်။ ဘုရားစင်ကြီးက ဘုရားပန်းတွေ ဆီမီးတွေနဲ့ ဝေဝေဆာဆာပေါ့။ ဘုရားတရား လုပ်တဲ့ သင်တန်းသား အချို့ကတော့ သင်တန်းကိစ္စ အကုန်ပြီးလို့ အိပ်ယာဝင်ခါနီးဆို ဘုရားစင်ရှေ့မှာ ရိုရိုကျိုးကျိုး ကန်တော့ကြတယ်။ မောင်လယ်တောကတော့ ဘုရား တရားကို သက်ဝင်ယုံကြည်ပေမယ့် ဘုရားစင်ရှေ့သွားပြီး တကူးတက သွားမကန်တော့မိ။
ဘုရားစင်ဆောက်ပြီး လည်း သရဲက သောင်းကျန်းတာပဲ။ ဒီည မောင်လယ်တော အဆောင်စောင့် မဟုတ်ဘူး။ သူများတွေနည်းတူ တန်းစီနေတုန်း လှမင်းသန်း တစ်ယောက် အဆောင်ထဲက ဝရံတာ ထွက်လာတာ တွေ့ရပြန်တယ်။ ဘုရားစင်ဆောက်ပြီးပြီဆိုတော့ လှမင်းသန်းလည်း ငြိမ်လောက်ပြီ ဆိုပြီး ဘယ်သူမှ စောင့်ကြည့် မနေမိဘူးလေ။ ဝရံတာ ထွက်လာပြီး ဘုရားစင်ကို လက်ညိုးငေါက်ငေါက်ထိုး ဒေါသတကြီး ခုန်ပေါက်ပါလေရော။ အဆောင်တိုင်တွေကို ခေါင်းနဲ့ ပြေးပြေးဆောင့်နေလို့ တန်းစီနေတဲ့ လူတွေ ကမန်းကတန်း ပြေးတက်ပြီး ဆွဲကြရတယ်။
"" ဘုရားစင်ရှေ့ ခေါ်လာ စမ်း... ""
တပ်ခွဲမှူး အမိန့်နဲ့ လှမင်းသန်းကို ဘုရားစင်ရှေ့ ခေါ်သွားလိုက်တယ်။ ဒါတောင် မလိုက်ပဲ အတင်းရုန်းနေလို့ မနည်းဆွဲခေါ်ကြရတယ်။
"" မင်း ဘယ်သူလဲ... ဘာလို့ သင်တန်းသားတွေကို နှောင့်ယှက်တာလဲ... ""
"" #$@%^&*&^%$#@*&^%$#@...""
လှမင်းသန်း ပါးစပ်က ဘာတွေပြောမှန်းလည်း မသိဘူး။ ဘာသာစကား တစ်ခုခု ပဲ။ ဘယ်သူမှလည်း နားမလည်ဘူး။ ဂျပန်သရဲ ရှိတယ်ဆိုတော့ ဂျပန် စကားပဲ ဖြစ်မှာပေါ့။ မေးသမျှ ဘာမှန်းမသိတဲ့ စကားတွေနဲ့ပဲ ပြောနေတော့ တပ်ခွဲမှူးကြီး စိတ်တိုလာပုံ ရတယ်။ ဘုရားသောက်တော်ရေနဲ့ ခေါင်းပေါ်ဖျန်းပြီး
"" ဟိတ်... ဘာမသိ ညာမသိကောင် ထွက်စမ်း... အစိုးရ အမိန့်... ""
တပ်ခွဲမှူးကြီး စကားကြားရတာ သင်တန်းသားတွေ ရီရအခက် ငိုရအခက် ဖြစ်ကုန်တယ်။ ဘာမသိ ညာမသိကောင် ထွက်တဲ့။ ဟုတ်တော့ ဟုတ်တာပဲလေ ဘာကောင်ဝင်ကပ်နေမှန်းမှ မသိတာ ။
သရဲက အစိုးရ အမိန့် ဆိုတာ ကြားတာနဲ့ ကြောက်ပုံ ရတယ်။ တပ်ခွဲမှူး သုံးလေးခေါက် မောင်းထုတ်တော့ လှမင်းသန်း ငြိမ်သွားတယ်။
"" တစ္ဆေ သရဲတွေ ဘာတွေ နားမလည်ဘူးနော်... သင်တန်းသားတွေ ဝိုင်းသမရင် သရဲ ဖင်လှန်ပါ ပြေးရမယ်... ဘာမှတ်လဲ... ""
ဘာရယ် မဟုတ်ဘူး။ မောင်လယ်တောလည်း နည်းနည်း ဝင်ခြောက်ကြည့်တာ။ အဲ့ဒီမှာ လှည့်ကြည့်လာတဲ့ လှမင်းသန်းရဲ့ မျက်လုံးကို မောင်လယ်တော ဒီတစ်သက် မမေ့တော့ဘူး။ သူ့မျက်လုံး တစ်ခုလုံးက အနက်ရောင်ကြီး ပြည့်သွားတာ မောင်လယ်တော ကောင်းကောင်း မြင်လိုက်တယ်။
မောင်လယ်တော ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေထ ၊ ဆံပင်မွှေးတွေ ထောင်ကုန်တယ်။ စိတ်ထဲမှာလည်း မှိုင်းပြီး မအီမသာ ဖြစ်သွားတယ်။ ဒါနဲ့ပဲ မသိမသာ လူအုံနေတဲ့ အနားကနေခွာပြီး တန်းစီကွင်းထဲ ပြန်လာခဲ့တယ် ။ အဲ့ဒီညက လှမင်းသန်း မှာ ဝင်ပူးနေတဲ့ သရဲ ထွက်သွားတယ်တဲ့။ လှမင်းသန်းကို တပ်တွင်းဆေးခန်းပို့ထားရပြန်တယ်။ တစ်ပတ်လောက်နေတော့ လှမင်းသန်ကို.သူ့မိဘတွေ လာပြန်ခေါ်သွားတယ်။ သင်တန်း ဆက်မတက်ဖြစ်တော့ဘူး လေ။
မောင်လယ်တော မှာတော့ လှမင်းသန်း ကို ပြောပြီးတဲ့ ညကစ ကိုယ်လက် မအီမသာ ကိုက်ခဲပြီး အိပ်ယာထဲ လဲပါလေရော။ ဆေးနားယူလိုက်ရတယ်။ မနက်ခင်း တပ်တွင်းဆေးခန်းက ဆေးယူ၊ အဆောင်ပြန်လာပြီး တအားကြီး နေမကောင်းတာ မဟုတ်တော့ အဆောင်စောင့် တာဝန်ပါ ယူထားလိုက်တယ်။
တစ်ယောက်ထဲ အဆောင်စောင့်ရင်း ဆေးလေးသောက်ပြီး ပျင်းပျင်းနဲ့ တုံးလုံးလှဲလိုက်တာ မှေးခနဲ့ အိပ်ပျော်သွားတယ်။ ခြေထောက်ကို တစ်ယောက်ယောက် လာဆွဲမှ မောင်လယ်တော နိုးသွားတယ်။ ဘယ်သူများ ခြေထောက်လာဆွဲလည်း ကြည့်လိုက်တော့ မောင်လယ်တော ခြေရင်းမှာ လူတစ်ယောက် ထိုင်နေတာ တွေ့လိုက်ရတယ်။ လူမဟုတ်နိုင်။ ဒီအဆောင်မှာ ရှိတယ်ဆိုတဲ့ သရဲပဲ ဖြစ်ရမယ်လို့ မောင်လယ်တော တွေးမိတယ်။ ကြောက်ကြောက်နဲ့ အော်ဖို့ကြိုးစားပေမယ့် ပါးစပ်က အာစေးထည့်ထားသလို အော်မရ။
ဘယ်လိုမှ အော်မရတဲ့ အဆုံး အဲ့ဒီလူကို အကဲခတ်မိတယ်။ အသက်က ၃၀ လောက် ၊ မျက်ပေါက်ကကျဉ်းကျဉ်း ၊ ဖျော့တော့တော့ ကာကီ အိုဂျီဝတ်စုံကြီးနဲ့ စစ်ဖိနပ်ကြီး စီးလို့။ မောင်လယ်တောကို ဘာတွေပြောမှန်း မသိဘူး။ သူ့စကားလည်း တစ်လုံးမှ နားမလည်ဘူး။
"" မင်း.. မင်း ဘယ်သူလဲ... ငါ့နား မလာနဲ့ သွား... ""
ဒါကျတော့ အသံထွက်တယ်။ ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းဖို့ကျ အသံက မထွက်။ မောင်လယ်တော မောင်းထုတ်ပေမယ့် အဲ့ဒီလူ လုံးဝမသွားပဲ မောင်လယ်တောနားမှာ ထိုင်ပြီး စကားတွေပဲ ပြောနေတယ်။ မောင်လယ်တော ကို တစ်ခုခု လုပ်ခိုင်းနေပုံလည်း ရတယ်။ လက်ဟန်ခြေဟန်တွေပြပြီး ပြောနေတာ။ နောက်တော့ ထိုင်နေရာက ထသွားပြီး မောင်လယ်တောရဲ့ ခြေရင်းက ကျွန်းသေတ္တာကြီးနဲ့ သူ့ခေါင်း အားကုန် ဆောင့်ပြတယ်။ ကျွန်းသေတ္တကြီးက မာတော့ သူ့ခေါင်း တစ်ခြမ်းချိုင့်ဝင်သွားတယ်။ ဒါပေမယ့် သူက ဘာမှမဖြစ်သလို ဘာမှ ခံစားရပုံ မပေါ်ဘူး။ ချိုင့်ဝင်သွားတဲ့ ဒဏ်ရာကြီးက ချက်ချင်း ပြန်ဖောင်းလာတယ်။ ပြီးတော့ မောင်လယ်တောကို လက်ညိုးထိုးပြီး လက်ဟန်ခြေဟန်နဲ့ ပြောပြန်ရော။ သူ့လို ကျွန်းသေတ္တာကြီးကို ခေါင်းနဲ့ ဆောင့်ခိုင်းနေတာ။
သူ့လုပ်ခိုင်းတိုင်းလုပ်ရအောင် မောင်လယ်တော မရူးသေးပါ။ သူခိုင်းသလို မလုပ်တော့ ကျွန်းသေတ္တာနဲ့ သူ့ခေါင်း ဆောင့်ပြပြန်ရော။ တစ်နေ့လုံး မောင်လယ်တောနားထိုင်းပြီး သူ့ခေါင်းနဲ့ ကျွန်းသေတ္တာကြီး ဆောင့်ဆောင့်ပြ၊ ပြီးရင် မောင်လယ်တောကို သူ့လို လိုက်လုပ်ခိုင်းနေတယ် ။ မောင်လယ်တောမှာ စိတ်တွေ အရမ်း ညစ်ညူးလာပြီး သူလုပ်ခိုင်း သလိုသာ လုပ်ပစ်ချင်စိတ်ပေါက်လာတယ်။
ဘယ်လိုသရဲမှန်း မသိ။ မောင်လယ်တော သွားလေရာ တကောက်ကောက်လိုက်တယ်။ ထမင်းစားလည်း လိုက်၊ အိမ်သာသွားလည်း လိုက် ၊ ရေချိုးလည်း လိုက်။ ပြီးရင် ဘာတွေ လုပ်ခိုင်းမှန်း မသိ။ ထမင်းစားနေရင်လည်း အနားမှာထိုင်ပြီး သူများကို ဇွန်းနဲ့ မျက်လုံးကို ထိုးခိုင်းတယ်။ ရေချိုးရင်လည်း ရေကန်ကြီးထဲ ခုန်ချခိုင်းလိုခိုင်း ၊ လမ်းသွားရင်နဲ့လည်း အမြင့်တွေပေါ်က ခုန်ချခိုင်း၊ ပိုဆိုးတာက အပေါ်ထပ် ဝရံတာကနေ ခဏ ခဏ ခုန်ချခိုင်းနေတာ ။ မောင်လယ်တော စိတ်တွေတို ၊ ဒေါသတွေ ထွက်လွန်းလို့ သူခိုင်းတဲ့ အတိုင်း လျှောက်လုပ်ပစ်ချင်စိတ်တွေ ပေါက်ပေါက်လာတယ်။ ကိုယ်ဖြစ်နေတာ သူများတွေကို ပြောပြချင်ပေမယ့် ရူးနေတယ် ထင်မှာ စိုးလို့ မပြောရဲ။ ခုတောင် လူက ရူးချင်ချင် ဖြစ်နေပြီ။
တစ်ခါတော့ မောင်လယ်တော သူခိုင်းတဲ့ အတိုင်း စိတ်ပေါက်ပေါက်နဲ့ လုပ်ပစ်မိတယ်။ မောင်လယ်တောတို့ တပ်စု ၄ က ဟန်ဝင်းအောင် ကို အိမ်သာပေါ်က ဆောင့်ဆွဲ ချတာ။ ဟန်ဝင်းအောင် ဆိုတာ မောင်လယ်တောတို့ သီဟ တပ်ခွဲမှာ စစ်ရေးပြရူးလို့ ခေါ်တဲ့ တစ်ယောက်။ သူက သင်တန်းဆင်းရင် စစ်ရေးပြဆု လိုချင်တော့ စစ်ရေးပြဆိုရင် အရမ်းကြိုးစားတာ။ ဘယ်သွားသွား စစ်ရေးပြအကြောင်း တွေးနေလား မသိပါဘူး။ အိမ်သာပေါ်က ဆင်းတာတောင် စစ်နည်းဗျူဟာထဲက စောင်း ၊ ထောက်၊ မှောက် နဲ့ ဆင်းတာ။ အဲ့ဒီနေ့က မောင်လယ်တော အိမ်သာတက်မလို့ လာတုန်း သူက အိမ်သာပေါ်က စောင်း ထောက် မှောက်နဲ့ အဆင်း။ ဟိုသရဲကလည်း မောင်လယ်တောကို လက်ဟန်ခြေဟန်နဲ့ ဆွဲချခိုင်းနေရော။ မောင်လယ်တော မျက်လုံးထဲ ကြည့်မရတော့ တာနဲ့ ဟန်ဝင်းအောင် စောင်းထောက်မှောက်နဲ့ အဆင်း လက်ကဖမ်းကိုင်ပြီး ဆောင့်ဆွဲချပစ်တာ။ နှာခေါင်းပြဲ ၊ နဖူးကွဲလို့ မောင်လယ်တော သင်တန်းဆရာတွေရဲ့ သမတာ ခံရပါလေရော။
သရဲ ကောင်က မောင်လယ်တောကို ကြည့်ပြီး ရယ်နေတယ်။ ဒေါသထွက်လွန်းလို့ ရွဲ့ချင် စိတ်တွေ ပေါက်လာတယ်။ ဒီတစ်ခါ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ခိုင်းတော့ မောင်လယ်တော ဆောင့်ပစ်တာ ။ နဖူးကွဲတယ်။ သူများတွေ လာဆွဲလို့ သက်သာသွားတာ။ ဘယ်သူမှ မရှိတုန်း စတိုခန်းထဲက မြက်ခုတ်ဓားနဲ့ ကိုယ့်လက် ကိုယ်လှီးခိုင်းလို့ လှီးပစ်တာ တပ်တွင်းသက်သာဆေးခန်းရောက်ရော။ ဆေးခန်းထိတော့ ဒီသရဲ လိုက်မလာဘူး။ တပ်တွင်းဆေးခန်းမှာ နေရင်း သက်သာတာနဲ့ မောင်လယ်တော သင်တန်းဆောင် ပြန်လာတယ်။ ဒင်းက ဝရံတာက ဆီးကြိုနေတယ်။ ဘယ်သူမှလည်း မမြင်ဘူးဗျာ။ သူ့ကို မြင်ရင် မောင်လယ်တော အလိုလို ဒေါသထွက်လာတယ်။ ဟိုဟာ လုပ်ခိုင်း ဒီဟာ လုပ်ခိုင်းနဲ့ ။ ညရောက်တော့ သူများတွေ အိပ်နေတုန်း မောင်လယ်တောကို ခြေထောက်ဆွဲပီး လာခေါ်တယ်။ ဝရံတာပေါ်က ခုန်ချခိုင်းတယ်။ သူက အရင်ခုန်ချပြတယ်။ မြေကြီးပေါ် ပြုတ်မကျဘူးဗျာ။ လေပေါ်မှာ ငြိမ့်ငြိမ့်လေး ကျသွားတာ။ သူ့ကြည့်ပြီး မောင်လယ်တော လည်း လေထဲမှာ ဖြည်းဖြည်းလေး ပျံချင်မိတယ်။ ဝရံတာ လက်တန်းကိုင်ပြီး တန်းပေါ် တက်လိုက်တယ်။
"" ဟာ... လာကြပါဦး... လာကြပါဦး... လယ်တော ဝရံတာပေါ်က ခုန်ချမလို့ လုပ်နေလို့... ""
မောင်လယ်တော ခါးကို ညကင်းတာဝန်ကျတဲ့ တပ်သားသစ်တွေ လာဆွဲလို့ ဘာမှ မဖြစ်တာ။ တပ်ခွဲမှူးကြီး ရောက်လာပြီး ဘုရားစင်ရှေ့ ခေါ်ပြန်ပြီ။ ဘာကောင် ညာကောင်ထွက်ပေါ့။ မောင်လယ်တောမှာ ဘာကောင်မှ ဝင်မပူးတာ ဘာထွက်ရပါ့။ သရဲက မလှမ်းမကမ်းက ကြည့်ပြီး မောင်လယ်တော ကို ရယ်ပြနေတယ်။
မောင်လယ်တော ပါးစပ်ကနေ သင်တန်းဆောင်မှာ သရဲရှိတယ်။ ဒီကောင့်ကို မောင်းထုတ်ပေး ။ အဲ့ဒါဆို ဘယ်သူမှ ဘာမှ မဖြစ်တော့ဘူး လို့ အော်ပြောနေပေမယ့် ပါးစပ်က ထွက်လာတဲ့ အသံကဗလုံးဗထွးနဲ့။ ဘယ်သူမှလည်း နားလည်ပုံ မရဘူး။
"" ဒီကောင် သင်တန်း တက်ရမှာ ကြောက်လို့ သရဲဝင်ပူးဟန် ဆောင်နေတာလား မသိဘူး... တကယ် သရဲတာဆို ဆံပင်ဆွဲပြီး ပါးချည်း ဖြတ်ရိုက်လိုက်... ထွက်ပြေးသွား လိမ့်မယ်... ""
ဒီအသံကြားတော့ မောင်လယ်တော ဒေါသမီးက ဟုန်းခနဲ့ ထွက်သွားတယ်။ ပြောတဲ့ သူကို ကြည့်တော့ တပ်စု ၂ က ကသ - ၆၃ မြင့်နိုင် ။ မောင်လယ်တော သရဲကို လှမ်းကြည့်ပြီး လက်ဟန်ခြေဟန်နဲ့ ပြောလိုက်တယ်။ ငါမရှိတော့ရင် ဒီကောင့်ကို ဆုံးမပေးလိုက် ဆိုတဲ့ အဓိပ္ပယ်နဲ့။ မောင်လယ်တော သရဲကို လက်ဟန်ခြေဟန်နဲ့ ပြောတာ ရုန်းတယ်ထင်ပြီး သင်တန်းသားတွေ ဝိုင်းချုပ်ကြပြန်ရော။
မောင်လယ်တော ပြန်ငြိမ်လိုက်ပြီး လှမ်းကြည့်တော့ သရဲက မြင့်နိုင်နား ကပ်သွားတာ တွေ့လိုက်တယ်။။ မြင့်နိုင် ဘာဖြစ်သွားလဲ မသိဘူး ။ ကုပ်ကုပ် ကုပ်ကုပ်နဲ့ အောက်ထပ်ပြန်ဆင်းသွားတယ်။ သရဲကလည်းသူ့နောက်က ထပ်ကြပ်မကွာ လိုက်သွားတယ်။
မောင်လယ်တော ဝမ်းသာလိုက်တာ ပြောပြ၍ပင် မတတ်တော့။ လွတ်ပြီ ကျွတ်ပြီကွလို့ အော်ချင်ပေမယ့် ရူးသွားပြီ ထင်မည်ဆိုးလို့ မအော်ရဲ။ မောင်လယ်တောကို တပ်တွင်း ဆေးခန်း ပို့ကြပြန်တယ်။ တပ်တွင်း ဆေးခန်းမှာ ၂ ရက်လောက်နေတုန်း ဖေဖေ ရောက်လာတယ်။
သင်တန်းကျောင်းက သတင်းပို့်လို့တဲ့။ သင်တန်းတက်နိုင်တဲ့ ကျန်းမာရေး အခြေအနေ မရှိလို့ လာပြန်ခေါ်ပါဆိုလို့ မောင်လယ်တောကို လာပြန်ခေါ်တာ တဲ့။ မောင်လယ်တော ချက်ချင်း ပစ္စည်း သွားသိမ်းလိုက်တယ်။ သင်တန်းဆောင်ရောက်တော့ အိပ်ယာထဲ လှဲနေတဲ့ မြင့်နိုင်ကို တွေ့ရတယ်။ နေမကောင်းလို့ ဆေးနား.ယူပြီနဲ့ ထင်တယ်။ သရဲက မြင့်နိုင်နားမှာ ထိုင်ပြီး တတွတ်တွတ်နဲ့ ဘာတွေ ပြောနေမှန်း မသိ။ မောင်လယ်တော ကို မြင်တော့ သရဲက ဖော်ဖော်ရွေရွေ ပြုံးပြနေတယ်။ မသိဟန်ဆောင်ပြီး ကိုယ့်အထုပ်ကိုယ်ဆွဲ တပ်ခွဲမှူးရုံး သွား သတင်းပို့ ၊ ဖေဖေ့ လက်ဆွဲပြီး ရလသ ၁ ရမည်းသင်း ရဲသင်တန်းကျောင်းကြီးထဲက စိတ်လက်ပေါ့ပါးစွာ ထွက်ခဲ့လေတော့ သတည်း။
---------------------------------------------------
ပြီးပါပြီ။
စာရေးတတ်သူ မဟုတ်ပါ။ ဝါသနာပါ၍ ရေးခြင်းဖြစ်၍ အဆင်မပြေမှုများအား သည်းခံဖတ်ပေးပါ။
ဝါသနာရှင် စာရေးသူ မောင်လယ်တော

Comments
Post a Comment